*လွတ်လပ်ခွင့်ကို သုံးစွဲရာ၌
ဒီမိုကရေစီနိုင်ငံများတွင် အကြောင်းကိစ္စ အမျိုးမျိုး အလို့ငှာ စုဖွဲ့ကြသည့် လူထု အစုအဖွဲ့ များစွာရှိ၏။
စက်ရုံအလုပ်ရုံ တစ်ခုမှ အလုပ်သမားတို့ အလုပ်ရှင်နှင့် ရင်ဆိုင်ရန် စုဖွဲ့တာမျိုး ရှိနိုင်၏။ လယ်သမားတို့ လယ်ယာထွက်ကုန်ပစ္စည်းမှ အကျိုး ခံစားခွင့် ပိုမိုရရှိအောင် စုစည်း လုပ်ကိုင်ကြတာမျိုး ရှိနိုင်၏။ အစိုးရဌာနကြီးများ သို့မဟုတ် ကုမ္ပဏီ လုပ်ငန်းကြီးများ၏ စီမံကိန်း တစ်စုံတစ်ရာကြောင့် မိမိတို့ ရပ်ရွာ ထိခိုက်နစ်နာသည်ကို လျော်ကြေး တောင်းရန်၊ စီမံကိန်း ရပ်ဆိုင်းသွားအောင် တားဆီးရန် စုဖွဲ့တာမျိုးလည်း ရှိနိုင်၏။
တစ်ခါတစ်ရံ အကြောင်းရပ် တစ်စုံတစ်ရာအတွက် ယုံကြည်ချက်တူသူ၊ ခံစားချက်တူသူ၊ အကျိုးတူလူတို့ စုဝေးကာ ကန့်ကွက်ခြင်း၊ ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်း၊ ဆန္ဒပြခြင်းများ ပြုတာမျိုးလည်းရှိ၏။
အဲသည် အစုအဖွဲ့များ၊ စုဝေးပွဲများသည် လွတ်လပ်စွာ ပြောဆိုခွင့်ကို အပေါ်လွင် အထင်ရှားဆုံး ကျင့်သုံး ဆောင်ရွက်သည့် နေရာများ အချိန်အခါများ ဖြစ်သည်။
အဲသည်လိုနေရာ-အချိန်အခါများတွင် ကိစ္စရပ်တစ်ခုနှင့် စပ်လျဉ်းသည့် မိမိတို့၏ သဘောဆန္ဒများ၊ ထင်မြင်ယူဆချက်များကို ထက်သန်တက်ကြွစွာ ပြောဆိုလေ့ရှိကြရာ၊ တစ်ခါတစ်ရံ၌ အဆိုပါ ပြောဆိုမှုတို့သည် လွတ်လပ်စွာ ပြောဆိုခွင့်၏ အတိုင်းအတာ နယ်နိမိတ်ကို ကျော်လွန်သွားသလား အငြင်းပွားဖွယ်ရာ ဖြစ်ရတတ်သည်။
ထိုအခါ ဘယ်ဟာသည် နယ်နိမိတ်လဲ ဆိုတာလည်း စဉ်းစားဖို့ လိုလာသည်။