စစ်ကိုင်းနှင့်ရှမ်းမှ သကြားစက်များ ပြန်လည်လည်ပတ်လာသဖြင့် သကြားဈေးကွက် ကျဆင်းလာနိုင်

ဇန်နဝါရီ ၃၁

ယခုနှစ် ကြံရာသီ၌ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ် (တောင်ပိုင်းနှင့်မြောက်ပိုင်း)မှ သကြားစက်များ အပြည့်အဝလည်ပတ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်းအတွင်း မောင်းကုန်းသကြားစက်၊ MEC သကြားစက်၊ Ever Green သကြားစက်၊ ရှမ်းမြောက်ဒေသမှ ငွေရည်ပုလဲ သကြားစက်၊ ရှမ်းတောင်ဒေသမှ မြဘုရင်သကြားစက်တို့ အပြည့်အဝလည်ပတ်မည်ဟု အထက်ပါအသင်းမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘ပြည်တွင်းသကြား အထွက်နှုန်း လျော့ကျစရာမရှိသလို သကြား အထွက်တိုးလာပါမယ်”ဟု အသင်းတာဝန်ရှိသူက ဆက်ပြောသည်။

(၂၀၂၄-၂၀၂၅)ခုနှစ်ထုတ် ပြည်တွင်းသကြားဈေးနှုန်း မှာ တည်ငြိမ်နေပြီး တစ်ပိဿာ (၄၈၀ဝ)မှ (၅၁၀ဝ)ကျပ်အထိ ပေါက်ဈေးရှိသည်။ ယခုနှစ်အတွက် ကြံတစ်တန်ပေါက် ဈေးမှာ (၁၈၀ဝဝဝ)မှ (၂၀ဝဝဝ၀)ကျပ် သတ်မှတ်ပြီး စက်ရုံ များမှတစ်ဆင့် ဝယ်ယူနေကြခြင်းဖြစ်သည်။

လက်ရှိ ပြည်တွင်းသကြားအရောင်းအဝယ်မှာ ကျဆင်းမှုမရှိဘဲတည်ငြိမ်နေပြီး လာမည့် လများအတွင်း သကြား အသစ်များထွက်ရှိလာချိန်တွင် ပြည်တွင်းဈေး အနည်းငယ်ကျဆင်းနိုင်ကြောင်းလည်း ကုန်သည်အသိုင်းအဝိုင်းမှ ခန့်မှန်းထားသည်။

ယခင်နှစ် ကြံရာသီတွင် ပြည်ပကို သကြား တန်ချိန် (၅၀ဝဝဝ - ၆၀ဝဝဝ) ခန့်သာ တင်ပို့နိုင်ခဲ့ပြီး တင်ပို့နိုင်မှု လျော့ကျခဲ့ကြောင်းသိရသည်။

လက်ရှိ နိုင်ငံတကာသကြားပေါက်ဈေးမှာ တစ်တန်လျှင် အမေရိကန် ဒေါ်လာ (၅၄၀) ဈေးရှိပြီး ပြည်တွင်းဈေး ထက်လျော့ကျနေကြောင်း သကြားကုန်သည်များထံမှ သိရသည်။

#centralnewsnaypyitaw

image