ပါရေချမ်းနဲ့ Dunk တို့က (၁၄၀) ပေါင်တန်းမှာ ထိုးကြတာပါ။ ပွဲမစခင်တည်းက Dunk ဟာ သက်သောင့်သက်သာဖြစ်နေတယ်။ စူပါရေချမ်းက Head Movement ကို အားပြုပြီး ဘောက်ဆင်စတိုင် ထိုးသွားတယ်။ မိုက်တိုင်စံလို Peak A Boo စတိုင်ရှေ့တိုးဝင်လာတာပါ။ Dunk က အကွက်ပိုစုံပါတယ်။ ခြေကန်ချက်တွေ ပိုထွက်ပြီး ထိချက်အသာစီးယူနိုင်တယ်။
ပထမအချီအစောပိုင်းမှာ စူပါရေချမ်းနိမ့်နေပါတယ်။ Dunk ကပဲ ဖိဖိစီးစီးထိုးထားတယ်။ စူပါရေချမ်းက ဘယ်ညာခေါင်းယိမ်းလို့ ရှေ့တိုးဝင်ပြီး အပိုင်ကြိတ်ချင်တာပါ။ ဒါပေမယ့် မထင်မှတ်ဘဲ Dunk က အမှားလုပ်မိသွားတယ်။ စူပါရေချမ်းကို အပိုင်ထိုးတာမှာ ကောင်တာမိပြီး ယိုင်ထွက်သွားတာပါ။ စူပါရေချမ်းက အတင်းလိုက်ဖြတ်တယ်။
Dunk ကလည်း မိုက်သွေးပါတယ်။ အထိနာရင် လှဲချလိုက်ရင်လည်း ကြိုးဝိုင်းဒိုင်က အမှတ်စဉ်ပဲ ရေတွက်မှာပါ။ အဲလိုလုပ်ရင်တောင် အခုလို ပထမအချီမှာတင် အလဲထိုးခံရမှာ မဟုတ်ပါဘူး။ ကြိုးဝိုင်းထောင့်မှာ ဆိုင်ထိုးပြိုင်ထိုးလုပ်ကြတယ်။ ဒါပေမယ့် အမူးမပြေသေးတော့ Dunk ရဲ့ လက်သီးချက်တွေက ထိချက်မမှန်ဘူး။ စူပါရေချမ်းရဲ့ ဝိုက်လက်သီးတွေကပဲ မိုးသီးမိုးပေါက်ရွာသလို ဆက်ခါဆက်ခါထိနေတယ်။ နောက်ဆုံးမှာ ဘယ်လိုမှ မခံနိုင်တော့ဘဲ လဲကျသွားပါတယ်။ နိဂုံးချုပ်ပြောရရင် စူပါရေချမ်းက Dunk ကို ပထမအချီမှာ အလဲထိုးသွားပါသတည်း။ ဆရာသမားရဲ့ ဘောက်ဆင်စကေးက အားရစရာပါ။
