13 w - Translate

ရန်ကုန်ယူနိုက်တက်အသင်း လက်ထောက်နည်းပြ ဦးမင်းဇင်ဦးအား ရန်ကုန်တိုင်း ဘောလုံးအဖွဲ့ချုပ်(၁)နှစ်စာချုပ်ဖြင့် ခေါ်ယူ

ရန်ကုန်ယူနိုက်တက်ယူ-၂၀ အသင်း လက်ထောက်နည်းပြ ဦးမင်းဇင်ဦးအား ရန်ကုန်တိုင်းဘောလုံးအဖွဲ့ချုပ်က (၁)နှစ်စာချုပ်ဖြင့် ခေါ်ယူလိုက်ကြောင်း သိရသည်။

ဦးမင်းဇင်ဦးသည် AFC B လိုင်စင်ရနည်းပြတစ်ဦးဖြစ်ပြီး ကစားသမားဘဝတွင်လည်း အသင်းနှင့်အတူ အောင်မြင်မှုများ ရယူထားနိုင်ခဲ့သူဖြစ်ကာ ယခုနှစ်ဘောလုံးရာသီတွင် ရန်ကုန်တိုင်းအသင်းနှင့်အတူ မြင်တွေ့ရမည်ဖြစ်သည်ဟု ရန်ကုန်တိုင်းဘောလုံးအဖွဲ့ချုပ်က အသိပေးထားသည်။

၎င်းသည် ကစားသမားဘဝကို ဘဏ္ဍာအခွန်အသင်းနှင့်အတူ စတင်ခဲ့ပြီး ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို ၂၀၀၉ ခုနှစ်တွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့်အတူ စတင်ခဲ့သည်။

ထို့နောက် ၂၀၁၈ ခုနှစ်တွင် နည်းပြဘဝကို ကူးပြောင်းခဲ့ပြီး ရန်ကုန်ယူနိုက်တက်ယူ-၁၉ အသင်း၊ ၂၀၂၃ ဘောလုံးရာသီတွင် ရန်ကုန်ယူနိုက်တက် အမျိုးသမီးဘောလုံးအသင်းနှင့် ၂၀၂၄ ဘောလုံးရာသီတွင် ရန်ကုန်ယူနိုက်တက် ယူ-၂၀ အသင်းတို့တွင် လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့သူတစ်ဦး ဖြစ်သည်။

ရန်ကုန်တိုင်းဘောလုံးအဖွဲ့ချုပ်၊ ရန်ကုန်တိုင်းဘောလုံးအသင်းသည် ရန်ကုန်ယူနိုက်တက်လူငယ်အသင်း၏ ဂိုးနည်းပြဖြစ်သူ ဂိုးအောင်ကျော်ကျော်ကို ယခုနှစ် ဘောလုံးရာသီအတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် စာချုပ်ချုပ်ဆို ခေါ်ယူထားသေးသည်။

ရန်ကုန်တိုင်းဘောလုံးအဖွဲ့ချုပ်အနေဖြင့် တိုင်းဒေသကြီး၏ ဘောလုံးအားကစားတိုးတက်မြင့်မားစေရေးကိုလည်း ဆောင်ရွက်လျက်ရှိပြီး လူငယ်ကစားသမားများ ပေါ်ထွက်လာစေရေးအတွက် စီမံကိန်းများ ချမှတ်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ရန်ကုန်တိုင်းဘောလုံးအဖွဲ့ချုပ်၏ အသိပေးချက်အရ သိရသည်။

image