နယ်စပ်လမ်းကြောင်းကို အသုံးပြုပြီး လက်နက်၊ မူးယစ်ဆေးဝါးနဲ့ လူမှောင်ခိုကိစ္စတွေကို မြန်မာ- လာအို နှစ်နိုင်ငံပူးပေါင်းတားဆီးဖို့ လာအိုနိုင်ငံမှာ ဆွေးနွေးမှုပြုလုပ်

ဇန်နဝါရီ ၃၁

မြန်မာ - လာအို နယ်စပ်ရေးရာလုံခြုံရေးနဲ့ ပတ်သက်ပြီး လာအို - မြန်မာပူးတွဲ နယ်ခြားလုံရေးကော်မတီရဲ့ (၅)ကြိမ်မြောက် အစည်းအဝေးကို လာအိုနိုင်ငံ၊ ဗန်ဗီယန်းမြို့မှာ ဇန်နဝါရီ ၂၈ ရက်နေ့ကနေ ဒီကနေ့ ဇန်နဝါရီ ၃၁ ရက်နေ့အထိ (၄) ရက်ကြာ ကျင်းပပြုလုပ်နေတယ်လို့ လာအိုပြည်သူ့တပ်မတော်ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ယမန်နေ့ (ဇန်နဝါရီ ၃၀ ရက်)ကထုတ်ပြန်တဲ့ လာအိုပြည်သူ့တပ်မတော်ရဲ့ သတင်းထုတ်ပြန်ချက်အရ အဲဒီအစည်းအဝေးမှာ အဓိကအားဖြင့် မြန်မာ - လာအို နယ်စပ်လမ်းကြောင်းကို အသုံးပြုပြီး လက်နက်၊ မူးယစ်ဆေးဝါးနဲ့ လူမှောင်ခိုကိစ္စရပ်တွေအပါအဝင် နှစ်ဖက်ထိစပ်နေတဲ့ မဲခေါင်မြစ်ကြောင်းတလျှောက် လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လက်ရှိ မြန်မာ့နိုင်ငံ အရေးကိစ္စနဲ့ပတ်သက်ပြီး လာအိုနိုင်ငံဘက်ကို ထွက်ပြေးလာသူတွေနဲ့ လာအိုနိုင်ငံဘက်မှာနေထိုင်ပြီး မြန်မာနိုင်ငံမှာအကြမ်းဖက်မှုဖြစ်ပေါ်အောင် လှုံ့ဆော်နေသူတွေကို ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက်ပါ ဆွေးနွေးခဲ့ကြတယ်လို့သိရပြီး ယခင်ကလည်း ဖော်ထုတ်ဖမ်းဆီးပေးခဲ့ဖူးတာတွေ ရှိခဲ့တယ်လို့လည်း သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

အဲဒီဖြစ်စဥ်ကတော့ ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ် ဧပြီလ (၁၃) ရက်နေ့က ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး ရွှေတြိဂံအထူးစီးပွားရေးဇုန်(ကာစီနို)ဝန်း ကမ္ဘာလုံးကျောက်ဆိပ်ကမ်းရဲ့ လမ်းမပေါ်မှာ စစ်ဘေးသင့်ကူညီဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ အလှူခံနေတဲ့ မြန်မာနိုင်ငံသား အကြမ်းဖက်ထောက်ပို့ (၁၇)ဦးကို လာအိုစစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး မြန်မာဘက်ကို အပ်နှံပေးခဲ့တာပါ။

ယခုလို လာအို- မြန်မာ နှစ်ဖက် ပူးပေါင်းမှုတွေပြုလုပ်ဖို့ RBC လို့ခေါ်တဲ့ ဒေသဆိုင်ရာနယ်ခြားကော်မတီ ( Regional Border Committee - RBC) ကို ၂၀၁၆ ခုနှစ်ကတည်းက ဖွဲ့စည်းကာ နှစ်ဖက် ပူးပေါင်းမှုတွေ ဆောင်ရွက်နေတာလို့ သိရပြီး ယခုပြုလုပ်နေတဲ့ အစည်းအဝေးကိုတော့ မြန်မာနိုင်ငံဘက်က ဗိုလ်ချုပ်မင်းမင်းစိုးနဲ့အဖွဲ့ တက်ရောက်နေတယ်လို့ သိရပါတယ်။

#centralnewsnaypyitaw

image
image
image
image
image