မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုများ ကျဆင်းနေပြီး ပေါ်လစီအကျပ်အတည်းများနှင့် ရင်ဆိုင်နေရဟု ကုလသမဂ္ဂပြော

ဇန်နဝါရီ ၃၁

နိုင်ငံရေးအာဏာအငြင်းပွားမှုများဖြစ်လာခဲ့ပြီးနောက် လေးနှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံသည် စီးပွားရေးပြိုလဲမှု၊ ပဋိပက္ခပိုမိုပြင်းထန်လာမှု၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာအန္တရာယ်များနှင့် ဆင်းရဲမွဲတေမှု နက်ရှိုင်းလာမှုတို့ကြောင့် မကြုံစဖူးသော “ပေါ်လစီအကျပ်အတည်း” နှင့် ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ၏ အစီရင်ခံစာသစ်အရ သိရသည်။

မြန်မာနိုင်ငံ၏ လူဦးရေ ထက်ဝက်နီးပါးသည် ဆင်းရဲမွဲတေမှုမျဉ်းအောက် နေထိုင်နေရခြင်း၊ မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများ ပြိုလဲခြင်းနှင့် စီးပွားရေး ဝရုန်းသုန်းကားဖြစ်နေသည့် နိုင်ငံတစ်နိုင်ငံ၏ တုန်လှုပ်ချောက်ချားဖွယ်ပုံရိပ်ကို ညွှန်ပြနေရာ နိုင်ငံရေးအရ ပြေလည်မှုမရသဖြင့် အကျပ်အတည်းသည် လာမည့်နှစ်တွင် ပိုမိုဆိုးရွားလာမည်ဟု မျှော်လင့်ရကြောင်းကုလသမဂ္ဂအဖွဲ့ကပြောသည်။

“လာမယ့်နှစ်မှာ မြန်မာနိုင်ငံရဲ့ ကန့်သတ်ချက်တွေကို ခံနိုင်ရည်ရှိမှုကို စမ်းသပ်လိမ့်မယ်” ဟု (UNDP) အစီရင်ခံစာက သတိပေးထားသည်။

ထို့အပြင် မြန်မာနိုင်ငံတွင်တွေ့ကြုံရမည့် နောက်ထပ်အခက်အခဲပြဿနာများ လျော့ပါးစေရန်နှင့် စုစုပေါင်းပြိုလဲခြင်းမှ ကာကွယ်ရန် နိုင်ငံတကာ ထိတွေ့ဆက်ဆံမှုကို အရေးတကြီး တောင်းဆိုထားသည်။

“တရားဝင်စီးပွားရေးကို ဖော်ဆောင်တဲ့ ပိုမိုတည်ငြိမ်အေးချမ်းတဲ့ မြန်မာနိုင်ငံဟာ လူသားနဲ့ သဘာဝသယံဇာတအရင်း အမြစ်တွေကို ကာကွယ်ပြီး ပြည်သူတွေရဲ့ဘေးကင်းရေးနဲ့ သာယာဝပြောရေးမှာ ရင်းနှီးမြှုပ်နှံတာဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာ အသိုက်အဝန်းရဲ့ ကိုယ်ကျိုးစီးပွားအတွက်ပါ” ဟု ဆက်ပြောသည်။

၂၀၂၀ ပြည့်နှစ်မှစတင်၍ မြန်မာ့ပြည်တွင်းအသားတင်ထုတ်ကုန် (GDP) သည် မျှော်လင့်သလောက်ကောင်းမွန်တိုးတက်လာခြင်းမရှိဘဲ လက်ရှိအချိန်တွင် ကျဆင်းနေကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုသည် ၂၀၂၄ ခုနှစ်တွင် ၂၅ ဒသမ ၄ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ရာ အိမ်ထောင်စုဝယ်ယူမှုစွမ်းအားကို ပိုမိုကျဆင်းစေသလို ကုန်သွယ်မှုလိုငွေကလည်း နိုင်ငံ့ GDP ၏ ၂ ဒသမ ၂ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း သိရသည်။

နယ်စပ်ဖြတ်ကျော် ကူးသန်းရောင်းဝယ်ရေးတွင် ပြင်းထန်သော ကန့်သတ်ချက်များကြောင့် မြန်မာနိုင်ငံ၏ ကျပ်ငွေတန်ဖိုးသည် ၂၀၂၁ ခုနှစ်တွင် တစ်ဒေါ်လာလျှင် ၁၃၃၀ ကျပ်မှ ၂၀၂၅ ခုနှစ်တွင် ၄၅၂၀ သို့ ကျဆင်းသွားကာ သွင်းကုန်များ မတင်သွင်းနိုင်ဘဲ ဈေးနှုန်းများ မြင့်တက်လာခဲ့သည်။

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်ငွေကြေးထောက်ပံ့မှုတို့ကို တိုက်ဖျက်ရန် ပျက်ကွက်ခြင်းကြောင့် မြန်မာနိုင်ငံအား ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့(FATF) မှ အမည်ပျက်စာရင်းသွင်းထားခြင်းကြောင့် စီးပွားရေးအခြေအနေ ပိုမိုဆိုးရွားလာခဲ့သည်။ မြန်မာနိုင်ငံသည် တရားမဝင်စီးပွားရေး ဖွံ့ဖြိုးလာကာ ကမ္ဘာ့နိုင်ငံများထဲတွင် ဘိန်းဖြူထုတ်လုပ်သူနှင့် မက်သာဖက်တမင်း အများဆုံးထုတ်လုပ်သည့် နိုင်ငံဖြစ်လာခဲ့သည်။

နှစ်စဉ်ဒေါ်လာဘီလျံနှင့်ချီတန်ဖိုးရှိသော ကျောက်စိမ်းလုပ်ငန်းသည် စည်းကမ်းမဲ့စွာ ဆက်လက်တည်ရှိနေကာ အကျင့်ပျက်ခြစားမှုနှင့် သဘာဝပတ်ဝန်းကျင်ယိုယွင်းမှုကို ဖြစ်ပေါ်စေသည်။ တရားမဝင် လောင်းကစားမှု၊ လူကုန်ကူးမှုနှင့် လိမ်လည်လှည့်ဖြားမှု လုပ်ငန်းများသည် နိုင်ငံ၏ ထူထပ်သော နယ်နိမိတ်တစ်လျှောက်တွင် ထွန်းကားခဲ့သည်ဟုလည်း UNDP က ပြောသည်။

Ref , UN

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

image
image
image