Part-5
*ဆရာနိုး အမှတ်တရ
မြန်မာနိုင်ငံတွင် ပထမဆုံး မြန်မာလူမျိုး ဘာသာဗေဒပညာရှင်ဟု ဆိုအပ်သည့် ဆရာကြီး ဦးဖေမောင်တင်က စ၍ရေတွက်လျှင် ဘာသာဗေဒကို စူးစူးစိုက်စိုက် လေ့လာသော မြန်မာလူမျိုးပညာရှင် အရေအတွက်မှာ အများဆုံး လက်ချောင်း ဆယ်ချောင်းဖြင့် ရေတွက်နိုင်သည့်ပမာဏသာ ရှိမည်ထင်ပါသည်။ များများစားစား မရှိပါ။ ထိုပညာရှင်များတွင် ဆရာနိုးသည် ရှေ့တန်းမှာထားအပ်သော ပညာရှင် တစ်ယောက် ဖြစ်သည်ဟု အလေးအမြတ်ခံယူမိပါသည်။ ဆရာနိုး၏ ဘာသာဗေဒ ဆိုင်ရာ ဆောင်းပါးများ၊ စာတမ်းများ၊ စာအုပ်များက ထိုအချက်ကို အထင်အရှား သက်သေပြနေပါသည်။
ကျွန်တော်က ဆရာနိုးကို 'မျက်နှာထားတင်းမာသော အပြုံးပိုင်ရှင်’ဟု ကိုယ့် သဘောနှင့်ကိုယ် ဝိသေသပြုမိသည်။ အထူးသဖြင့် ဆရာနိုးကို စပြီးတွေ့ဖူး မြင်ဖူးသော လူငယ်တပည့်များက ဆရာ့မျက်နှာထားကိုကြည့်ပြီးပြောဆိုဆက်ဆံဖို့မဝံ့မရဲဖြစ်တတ်ကြသည်။သဘောထားအယူအဆနှင့်ပတ်သက်၍ မငဲ့မကွက် တင်းတင်းမာမာ ရေးတတ်သော ဆရာ့အရေးအသားကြောင့် ကြောက်စရာကောင်း သူဟု ထင်သူများလည်း ရှိသည်။ ကျွန်တော်တို့နှင့် နှစ်ပေါင်းများစွာ ပြောဆို ဆက်ဆံရာတွင် လေသံလေးလေးအေးအေးဖြင့် ပြောရင်း လှစ်ခနဲပေါ်လာတတ်သော သူ့အပြုံးမျက်နှာကို မကြာခဏတွေ့မြင်ရသည်နှင့်အမျှ စိတ်ထဲမှာလည်း အမှတ်တရ ဖြစ်ရပါသည်။
မောင်ခင်မင် (ဓနုဖြူ)