မန်ယူမှထွက်ရန် ရက်ရှ်ဖို့ဒ်ကို ရွန်းနီ အကြံပေး
------------------------
မန်ယူအသင်းရဲ့ နောက်ဆုံး ၁၁ ပွဲဆက် အသင်းလူစာရင်းကနေ ချန်လှပ်ခံခဲ့ရတဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ် အနေနဲ့ အသင်းကနေ ထွက်ခွာသွားဖို့ လိုအပ်တယ်လို့ မန်ယူတိုက်စစ်မှူးဟောင်း ရွန်းနီက အကြံပေးလိုက်ပါတယ်။ ဒါ့အပြင် ရက်ရှ်ဖို့ဒ် ကြုံတွေ့နေရတဲ့ လက်ရှိအခြေအနေက ရှက်စရာကောင်းတယ်လို့လည်း ရွန်းနီက ပြောသွားခဲ့ပါတယ်။
အသက် ၂၇ နှစ်အရွယ် အင်္ဂလန်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ မန်ယူနည်းပြသစ် အမ်မိုရင် လက်ထက်မှာ ပုံစံကောင်း ပျောက်ဆုံးနေခဲ့သလို ပွဲကစားခွင့်ပါ ဆုံးရှုံးနေခဲ့တာပါ။ မန်ယူအသင်းရဲ့ သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမားဖြစ်တဲ့ ရွန်းနီက မန်ယူအသင်းလေ့ကျင့်ရေးကွင်းမှာ ကြံ့ခိုင်ရေးနည်းပြနဲ့အတူ လေ့ကျင့်နေရတဲ့ ရက်ရှ်ဖို့ဒ်ရဲ့ ပုံစံကို မြင်တွေ့နေရတာက စိတ်မသက်မသာဖြစ်မိသလို ရက်ရှ်ဖို့ဒ်နဲ့ စကားပြောဖြစ်တဲ့ အခါတိုင်း မှာလည်း အသင်းကနေ ထွက်ခွာဖို့ကို အကြံပေးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
နည်းပြ အမ်မိုရင်ကတော့ ရက်ရှ်ဖို့ဒ်အနေနဲ့ အသင်းအတွက် တကယ်ပေးဆပ်ကစားချင်တယ်ဆိုရင် ပြောင်းလဲ ရမှာတွေရှိတယ်လို့ ပြောထားပြီး လက်ရှိအချိန်အထိတော့ ရက်ရှ်ဖို့ဒ်အနေနဲ့ အသင်းအတွက် ကစားပေးဖို့ မဖြစ်နိုင် သေးဘူးလို့ မှတ်ချက်ပြုထားပါတယ်။ မန်ယူအသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းကလည်း ရက်ရှ်ဖို့ဒ်အနေနဲ့ အခုလိုမျိုး အသင်းကနေ ထုတ်ပယ်ခံထားရမှုအပေါ် ရှက်သင့်တယ်လို့ ဝေဖန်သွားခဲ့ပါတယ်။

