ထိုင်းနိုင်ငံသားတွေအပါအဝင် ဓါးစာခံရှစ်ယောက်ကို ဟားမတ်စ်အဖွဲ့ ပြန်လွှတ်ပေး

တဲလ်အဗစ်၊ ဇန်နဝါရီ ၃၁

အစ္စရေးနဲ့ အပစ်အခတ်ရပ်စဲရေး တစိတ်တပိုင်းအဖြစ် ဟားမတ်စ်တို့ဟာ ဖမ်းဆီးထားတဲ့ ဓါးစာခံ ရှစ်ယောက်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။

ပြန်လွှတ်ပေးတဲ့သူတွေထဲမှာ အစ္စရေးနိုင်ငံသားသုံးယောက်နဲ့ ထိုင်းနိုင်ငံသားငါးယောက်တို့ ပါဝင်ပါတယ်။ အပြန်အလှန်အားဖြင့် အစ္စရေးဟာ တသက်တကျွန်းပြစ်ဒဏ်ကျသူ ၃၂ ယောက်၊ အရွယ်မရောက်သေးသူ ၃၀ အပါအဝင် ပါလက်စတိုင်းအကျဉ်းသား ၁၀၀ ကို ပြန်လွှတ်ပေးခဲ့ပါတယ်။

ဇန်နဝါရီ ၁၉ ရက်မှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် သက်ဝင်ပြီးနောက်ပိုင်း ဟားမတ်စ်တို့ဟာ ဓါးစာခံ ၁၅ ယောက်ကို ပြန်လွှတ်ပေးခဲ့ပြီး ၈၂ ယောက်ကို ထိန်းသိမ်းထားဆဲဖြစ်ပါတယ်။ နောက်ထပ် အစ္စရေးအမျိုးသားသုံးယောက်အပါအဝင် ဓါးစာခံတွေ ပြန်လည်လွတ်မြောက်လာဖို့ မကြာခင်ရက်ပိုင်းမှာ ရှိနေပါတယ်။

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပထမ ၄၂ ရက်မှာ အစ္စရေးဓါးစားခံ ၃၃ ယောက် ပြန်လွှတ်ပေးဖို့ သဘောတူချက်မှာ ပါဝင်ပါတယ်။ အပစ်ရပ်ဒုတိယအဆင့်ကို လာမယ့်သီတင်းပတ်မှာ စတင်နိုင်တယ်လို့ အစ္စရေး တာဝန်ရှိသူတယောက်ကပြောပါတယ်။

အပစ်အခတ်ရပ်စဲရေး စတင်ပြီးနောက်ပိုင်း ဂါဇာကမ်းမြှောင်ဒေသရှိ ဒေသခံ သုံးသိန်းခုနှစ်သောင်းကျော်ဟာ နေရပ်ကို ပြန်သွားကြပြီဖြစ်ကြောင်း အစ္စရေးက ပြောပါတယ်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုဟာ ဖေဖော်ဝါရီ ၂ ရက်မှာ အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံဖို့ရှိနေပါတယ်။

Ref:AFP
Photo:AFP

#သတင်းဟင်းလေးအိုးကြီး

image