13 ပတ် - ဘာသာပြန်ပါ။

အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းတင်ပို့ရမည်ဖြစ်သည့်အတွက် ဈေးကောင်းရရန် ‌တောင်သူများမျှော်လင့်

ဇန်နဝါရီ ၃၁

လာမည့်ဖေဖော်ဝါရီလတွင် ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းတင်ပို့ရမည်ဖြစ်ရာ ဈေးကောင်းရရှိရန် ‌တောင်သူများမျှော်လင့်ထားကြောင်း ပြောင်းစိုက်တောင်သူများ၏ ပြောပြချက်အရ သိရသည်။

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံမှ ပြောင်းတင်ပို့မှုကို လာမည့်ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဩဂုတ်လကုန်အထိ ၇ လ အတွင်း အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။

"အဲဒီအချိန်လေးပဲ ပြောင်းကိုတင်ပို့ရတာ။ ဈေးကောင်းလေးရဖို့ မျှော်လင့်တယ်။ အဲဒီကာလကျော်ရင် ပြောင်းကဈေးကောင်းမရတတ်ဘူး။ လမ်းကြောင်းအခြေအနေလေးလည်း ကောင်းမယ်လို့မျှော်လင့်တယ်။" ဟု ပြောင်းစိုက်တောင်သူတစ်ဦးက ပြောသည်။

ထို့ပြင် ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဧပြီလမှ နိုဝင်ဘာလကုန်အထိ ပြည်ပသို့ ပြောင်းတင်ပို့မှုအနေဖြင့် တန်ချိန် ၁ ဒသမ ၈၈ သန်း၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၄၄၈ သန်း တင်ပို့ထားပြီးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ပြောင်းကို ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်း၊ ကယား ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးကြကြောင်း၊ တစ်နှစ်လျှင် ပြောင်းထွက်ရှိမှုနှုန်းသည် တန်ချိန် ၂၁ သန်းခန့်ရှိကြောင်း သိရသည်။

ပြောင်းထွက်ရှိမှုနှုန်း၏ ၄၀ ရာခိုင်နှုန်းကို ပြည်တွင်းရှိ အစာစက်ရုံများကသုံးစွဲပြီး ကျန်ရှိသည့် ၆၀ ရာခိုင်နှုန်းကို ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း သိ ရသည်။

#centralnewsnayptitaw

image