ဘူအမ်ဒီယာကို လေဗာကူဆင် အငှားဖြင့်ခေါ်ယူ
--------------------
လေဗာကူဆင်အသင်းဟာ ဗီလာအသင်းရဲ့ အာဂျင်တီးနားကွင်းလယ်လူ ဘူအမ်ဒီယာကို ရာသီကုန်အထိ အငှားနဲ့ ခေါ်ယူလိုက်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ လေဗာကူဆင်အသင်းဟာ ဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရတော့မယ့် တာရီယာရဲ့နေရာအတွက် ဘူအမ်ဒီယာကို အခုလိုမျိုးခေါ်ယူလိုက်တာဖြစ်ပါတယ်။
အသက် ၂၈ နှစ်အရွယ် ဘူအမ်ဒီယာဟာ ဗီလာအသင်းနဲ့ စာချုပ်သက်တမ်းတိုးပြီး တစ်ရက်အကြာမှာပဲ လေဗာကူဆင် အသင်းကို အငှားပြောင်းရွှေ့သွားခဲ့တာပါ။ ဘွန်ဒက်စ်လီဂါမှာ ဒုတိယနေရာ ရပ်တည်နေတဲ့ လေဗာကူဆင်အသင်း နဲ့အတူ ချန်ပီယံဆု ကာကွယ်နိုင်ဖို့အတွက် အကောင်းဆုံး ကြိုးစားပေးသွားမှာဖြစ်တယ်လို့ ဘူအမ်ဒီယာက အသင်းသစ်နဲ့ အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။
၂၀၂၁ မှာ ဗီလာအသင်းရဲ့ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ပေါင် ၃၃ သန်းနဲ့ နော့ဝှစ်ချ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဘူအမ်ဒီယာဟာ ဗီလာအသင်းအတွက် ပြိုင်ပွဲစုံ ၉၇ ပွဲမှာ ၁၀ ဂိုးသွင်းယူပေးခဲ့ပါတယ်။ လေ့ကျင့်ရေးကွင်းမှာရခဲ့တဲ့ ဒဏ်ရာကြောင့် တစ်ရာသီလုံးနီးပါး အနားယူခဲ့ရတဲ့ ဘူအမ်ဒီယာဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာက အဲဗာတန်အသင်းနဲ့ပွဲမှာ ဗီလာအတွက် ပြန်ကစား ပေးနိုင်ခဲ့ပါတယ်။ အခုရာသီမှာလည်း အသင်းအတွက် ပြိုင်ပွဲစုံ ၁၉ ပွဲကစားပြီး ၁ ဂိုး သွင်းယူပေးထားပါတယ်။
