တမူးမြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေ

ဇန်နဝါရီ ၃၀

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ မင်းသာကျေးရွာနဲ့ ကျွန်းပင်သာကျေးရွာတွေမှာ နစကတပ်နဲ့ ဒေသတွင်း လက်နက်ကိုင် ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီ ကျေးရွာတွေမှာရှိတဲ့ နစက ပူးပေါင်းတပ်တွေကို ဒေသတွင်း လက်နက်ကိုင်တပ်တွေက ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်နေ့ကစပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တဲ့အတွက် လက်ရှိအချိန်အထိ တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်တယ်လို့ သိရပါတယ်။

“တိုက်ပွဲကတော့ လက်ရှိက ကျွန်းပင်သာရွာမှာ မနေ့ (ဇန်နဝါရီ ၂၉ ရက်) ကစပြီး ငြိမ်နေတယ်။ အဲဒီမှာရှိတဲ့ နစကတပ်စခန်းတွေကို လက်နက်ကိုင်တပ်တွေက ထိန်းချုပ်လိုက်ပြီလို့လည်း ကြားတယ်။ ဒါပေမယ့် ဆက်သွယ်ရေးလိုင်း အခြေအနေအရ သတင်းတော့ အတည်ပြုလို့ မရသေးဘူး။ လက်ရှိကတော့ မင်းသာရွာဘက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတုန်းပဲ။ အခု ဖြစ်နေတဲ့၊ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာ နှစ်ဖက် ထိခိုက်မှုလည်း များတယ်။ နစကဘက်ကလည်း လေကြောင်းပစ်ကူတွေနဲ့ ခုခံနေတာ” လို့ ဒေသခံတယောက်က ပြောပါတယ်။

ကျွန်းပင်သာနဲ့ မင်းသာကျေးရွာဟာ တမူးမြို့နဲ့ မိုင် ၃၀ လောက်သာ ကွာဝေးတယ်လို့ သိရပြီး ကျွန်းပင်သာရွာကတော့ အိမ်ခြေ ၂၀၀၀ လောက်ရှိတဲ့ စံပြရွာကြီးဖြစ်ကာ မင်းသာကျေးရွာကတော့ အိမ်ခြေ ၂၀၀ လောက်သာရှိပြီး အဲဒီရွာ နှစ်ရွာကတော့ မိုင်ဝက်လောက်သာ ကွာဝေးတယ်လို့ သူက ပြောပါတယ်။

လက်ရှိမှာ တိုက်ပွဲတွေကြောင့် မင်းသာနဲ့ ကျွန်းပင်သာရွာက ဒေသခံတွေအပြင် အနီးနားရွာက ပြည်သူတွေဟာ အခု ဇန်နဝါရီလ ပထမပတ်ကတည်းက အိန္ဒိယနယ်စပ်အပြင် ကလေးမြို့နဲ့ တမူးမြို့နယ်က ဘေးလွတ်ရာ ကျေးရွာတွေဆီကို တိမ်းရှောင်နေကြရတယ်လို့လည်း သူက ပြောပါတယ်။

တမူးမြို့နယ် တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ နစက သတင်းရင်းမြစ်တွေရဲ့ အသိပေး ရေးသားချက်မှာတော့ အဲဒီမြို့နယ်ရှိ ကျွန်းပင်သာ ဒေသတဝိုက်မှာ ဇန်နဝါရီ ၂၈ ရက်၊ ညပိုင်းက ကင်းထောက် ဒရုန်းနဲ့ တွေ့ရှိခဲ့တဲ့ ဒေသတွင်း လက်နက်ကိုင်တပ်တွေကို လက်နက်ကြီး၊ လေကြောင်း၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် သေဆုံးမှုတွေရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နစကတပ်တွေက မနေ့ ဇန်နဝါရီ ၂၉ ရက်၊ အရုဏ်တက်ချိန် နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့တာမှာ ဒေသတွင်း လက်နက်ကိုင်တပ်တွေရဲ့ ရုပ်အလောင်း ခုနစ်လောင်း၊ လက်နက်မျိုးစုံ ရှစ်လက်၊ ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိမှာ နယ်မြေရှင်းလင်းရေး ဆက်လက် လုပ်ဆောင်နေဆဲဖြစ်တဲ့အတွက် သတင်းအသေးစိတ်ကို ထပ်မံ ဖော်ပြသွားမှာဖြစ်ပြီး ရုပ်အလောင်းတွေနဲ့ လက်နက်တွေ ထပ်မံ ရရှိနိုင်တယ်လို့လည်း ဆိုပါတယ်။

နစကဘက်ကတော့ လက်ရှိ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ တရားဝင် သတင်းထုတ်ပြန်ထားခြင်း မရှိသေးသလို ဒေသတွင်း လက်နက်ကိုင်တပ်တွေဘက်ကလည်း သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

အိန္ဒိယ - မြန်မာနယ်စပ် ကုန်သွယ် ရေးမြို့ဖြစ်တဲ့ တမူးမြို့ဟာ ရပ်ကွက်လေးခု၊ ကျေးရွာပေါင်း ၇၀ ဝန်းကျင်နဲ့ ဖွဲ့စည်းထားတဲ့မြို့ဖြစ်ပြီး လေးနှစ်တာကာလအတွင်း စစ်ရေးအခြေအနေကြောင့် ကျေးရွာ ၁၀ ရွာက နေအိမ်ရာနဲ့ချီ မီးလောင်ပျက်စီးခဲ့ကာ ဒေသခံပြည်သူ နှစ်သောင်းကျော် စစ်ဘေး တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း အနောက်ဘက်ခြမ်းရှိ အိန္ဒိယနိုင်ငံနဲ့ ထိစပ်နေတဲ့ တမူးခရိုင်မှာ တမူး၊ မြို့သစ်၊ ခါမ်းပါတ်မြို့တွေ ပါဝင်ပြီး ဒေသတွင်းလက်နက်ကိုင် တပ်တွေက ခါမ်းပါတ်မြို့ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့မှာ သိမ်းပိုက်ထားသလို မြို့သစ်မြို့ကို ၂၀၂၄ ခုနှစ်၊ မေလ ၁၁ ရက်နေ့မှာ သိမ်းပိုက်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

Photo:CJ

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image