အမေရိကန်လူဝင်မှုကြီးကြပ်ရေးဥပဒေချိုးဖောက်မှုများကြောင့် မြန်မာနိုင်ငံသား ၇၀၀ နီးပါး မိခင်နိုင်ငံသို့ ပြန်ပို့ခံရဖွယ်ရှိနေ

ဇန်နဝါရီ ၃၀

အမေရိကန်အစိုးရအနေဖြင့် အမေရိကန်လူဝင်မှုကြီးကြပ်ရေးဥပဒေချိုးဖောက်မှုများကြောင့် မြန်မာနိုင်ငံသားများ အပါအဝင် လူပေါင်း ၁၄၄၅၅၄၉ ဦးကို Non-Detained Docket with Final Orders of Removal အမိန့်အရ မိခင်နိုင်ငံသို့ ပြန်ပို့ခဲ့ကြောင်း သိရသည်။

အမေရိကန်လူဝင်မှုကြီးကြပ်ရေးနှင့်အကောက်ခွန်ဌာနလက်အောက်ခံဌာနတစ်ခုဖြစ်သော Enforcement and Removal Operations (ERO) သည် ပြည်သူ့လုံခြုံရေးနှင့် အိမ်တွင်းလုံခြုံရေးအတွက် ပဋိပက္ခရှိနိုင်သော နိုင်ငံခြားသားများကို စစ်ဆေးမှုပြုလုပ်ခြင်း၊ ဖမ်းဆီးခြင်း၊ နှင့် နိုင်ငံပြန်ပို့ခြင်း (deportation) အဓိကထားလုပ်ဆောင်ရပြီး ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၄ ရက်အထိ လူပေါင်း ၁၄၄၅၅၄၉ ဦးကို အမေရိကန်နိုင်ငံမှ ထွက်ခွာရန် (သို့မဟုတ်) မိခင်နိုင်ငံထံ ပြန်ပိုရန် အမိန့်ချမှတ်ထားကြောင်း သိရသည်။

Non-Detained Docket with Final Orders of Removal ဆိုသည်မှာ အမေရိကန်နိုင်ငံသားမဟုတ်သူတစ်ဦး (Non-Citizen) တစ်ဦးသည် ICE (Immigration and Customs Enforcement) မှ ဖမ်းဆီးမခံရသေးသော်လည်း အမေရိကန် နိုင်ငံအတွင်းမှ ထွက်ခွာရန် အမိန့် (Final Order of Removal) ရရှိထားခြင်းမျိုးဖြစ်ကြောင်း သိရသည်။ အမေရိကန် လူဝင်မှုဥပဒေ (Immigration Law) ချိုးဖောက်မှုများကြောင့် Immigration Judge (လူဝင်မှုတရားသူကြီး) က နိုင်ငံ ပြန်ပို့ခြင်း (Deportation/Removal) ကို ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး Asylum (ခိုလှုံခွင့်) တောင်းခံမှုငြင်းပယ်ခံရခြင်း၊ Green Card, Visa သက်တမ်းကုန်ဆုံးပြီး မထွက်ခွာခြင်း၊ Criminal Convictions (ပြစ်မှုကျူးလွန်မှု) ကြောင့် ပြည်နှင်ခြင်း၊ စသည့်အချက်များကြောင့် လူဝင်မှု ကြီးကြပ်ရေးဥပဒေချိုးဖောက်သူများအဖြစ် သတ်မှတ်ခံရခြင်းဖြစ်သည်။

(ERO) သည် ပြည်တွင်းတွင် လျှိုဝှက်နေသော တရားမဝင် နိုင်ငံခြားသားများ ဖမ်းဆီးခြင်း၊ပြစ်မှုကျူးလွန်သူများ (Criminal Aliens) ကို ဖမ်းဆီးပြီး နိုင်ငံပြန်ပို့ခြင်းလူဝင်မှုကြီးကြပ်ရေးဥပဒေနှင့် စပ်လျဉ်းသောစစ်ဆေးမှုများ ပြုလုပ် ခြင်း၊ နိုင်ငံခြားသား မိသားစုများနှင့် ကလေးသူငယ်များအတွက် စောင့်ရှောက်မှုနှင့် ကြီးကြပ်မှုများ ဆောင်ရွက်ခြင်း အမေရိကန်တွင်းရှိ လျှို့ဝှက်နေသော တရားမဝင် နိုင်ငံခြားသားများကို ရှာဖွေဖမ်းဆီးခြင်းနှင့် နိုင်ငံပြန်ပို့ခြင်း ကို အဓိကထား၍ လုပ်ဆောင်ကြောင်း သိရသည်။

(ERO) ဌာန၏ Non-Detained Docket with Final Orders of Removal အမိန့်အရ မိခင်နိုင်ငံသို့ ပြန်ပို့ခံရမည့် လူပေါင်း ၁၄၄၅၅၄၉ ဦးထဲတွင် မြန်မာနိုင်ငံသား အနည်းဆုံး ၆၇၉ ဦး ပါဝင်ခဲ့ပြီး အမေရိကန်လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှုများကြောင့် မိခင်နိုင်ငံသို့ ပြန်ပို့ခံရမည်ဖြစ်ကြောင်း သိရသည်။ Non-Detained Docket with Final Orders of Removal အမိန့်အရ မိခင်နိုင်ငံသို့ပြန်ပို့ခံရမည့် နိုင်ငံသားများစာရင်းတွင် ဘင်္ဂလားဒေရှ့်၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား နိုင်ငံသားများ ပါဝင်ခဲ့သလို အယ်ဆာဗေးဒိုးနိုင်ငံသားများက မိခင်နိုင်ငံသို့ ပြန်ပို့ခံရမည့်သူများထဲတွင် အများဆုံးဖြစ် ကြောင်း သိရသည်။

အမေရိကန်နိုင်ငံတွင် ဇန်နဝါရီ ၂၀ ရက်က ဒေါ်နယ်ထရမ့် သမ္မတအဖြစ် ပြောင်းလဲတာဝန်ယူခဲ့ပြီးနောက် ယခင်သမ္မတ ဟောင်း ဂျိုးဘိုင်ဒန်လက်ထက်က အမိန့်စည်းကမ်းဥပဒေအများစုကို ပြင်ဆင်ပြောင်းလဲပယ်ဖျက်ခဲ့သလို အမေရိကန် နိုင်ငံအတွင်း တရားမဝင် နေထိုင်နေသူများကို ဖြိုခွင်းရန် အမိန့်များ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ အမေရိကန်အစိုးရ အသစ်သည် လက်ရှိအချိန်တွင်အမေရိကန်နိုင်ငံအတွင်း လူဝင်မှုကြီးကြပ်ရေးဥပဒေချိုးဖောက်မှုဖြင့် တရားမဝင် ရောက်ရှိနေထိုင်သူများကိုမိခင်နိုင်ငံသို့ ပြန်ပို့နေပြီဖြစ်ရာ ပြီးခဲ့သောရက်ပိုင်းအတွင်း ကိုလံဘီယာ၊ မက္ကဆီကို နိုင်ငံသား များကို မိခင်နိုင်ငံသို့ ပြန်ပို့ခဲ့ကြောင်းသိရသည်။

#centralnewsnaypyitaw

image