"အတိတ်သို့ပေးစာ"
အရာအားလုံးသည် မနေ့ကဖြစ်သည်။
ပြီးခဲ့သော အရာများသည် မထင်မရှား ဝိုးတိုးဝါးတား အတိတ်သည်
အရိပ်မျှသာ ဖြစ်ခဲ့ပြီ။
အတိတ်သို့ စာတစ်စောင်သာ
ပို့ခွင့်ရခဲ့မယ်ဆိုရင်....
အတိတ်မှာ ကျွန်တော့်အား သင်ခန်းစာကောင်းကောင်း ပေးသွားခဲ့တဲ့လူတွေကို ကျေးဇူးတင်ကြောင်း စာလေးတစ်စောင်တော့ တခမ်းတနားရေးသားပြီးတော့ ပို့ချင်မိတယ်။
ဖြူစင်တဲ့သူတစ်ယောက်ကို
အရောင်ဆိုးပေးခဲ့တဲ့သူတွေ၊
ရိုးသားတဲ့သူတစ်ယောက်ကို
မာယာသုံးခဲ့သူတွေ၊
နူးညံ့တဲ့စိတ်တွေကို ခက်ထန်မာကြောအောင်
လုပ်ခဲ့တဲ့သူတွေ၊
ချစ်ခြင်းမေတ္တာဆိုတာကိုကြောက်ဖို့ကောင်းအောင် လုပ်ခဲ့တဲ့သူတွေ၊
လူတစ်ယောက်ကို မထင်မှတ်ထားလောက်အောင်ပြောင်းလဲစေခဲ့တဲ့သူတွေ။
တခဏတော့ ကျွန်တော် ပြိုလဲခဲ့မိတယ်။
တခဏတော့ ကျွန်တော် ကြေကွဲမိခဲ့တယ်။
တခဏတော့ ကျွန်တော် ငိုကြွေးခဲ့တယ်။
တခဏတော့ ကျွန်တော် မခံမရပ်နိုင်အောင်
ဖြစ်ခဲ့တယ်။
တခဏပေါ့ဗျာ။ အချိန်ကာလတစ်ခုပေါ့။
အဲဒီနောက် ကျွန်တော် ပိုပြီးသန်မာလာတယ်။
လူတွေကို နားလည်လာတယ်။
လူတွေရဲ့ စိတ်ကို သိလာတယ်။
ကျွန်တော် ထိန်းချုပ်နိုင်တာ ဘာတစ်ခုမှ
မရှိဘူးဆိုတာ သိလာတယ်။
စိတ်အေးအေးနဲ့ လူတွေကို
လက်လွှတ်တတ်လာတယ်။
ကိုယ့်အားကိုယ်ကိုးတတ်လာတယ်။
အဆုံးမှာတော့ ကျွန်တော် ရင့်ကျက်လာတယ်။
ကျွန်တော့်ဘဝထဲ ဝင်လာတဲ့သူတွေကိုလည်း
နွေးထွေးစွာကြိုဆိုသလို၊ ဘဝထဲက ထွက်သွားတဲ့သူတွေကိုလည်း ဝမ်းသာအားရနဲ့ နှုတ်ဆက်စကားဆိုနိုင်လာတယ်။
လူတွေအကြောင်း
လူတွေကပဲ သင်ပေးသွားတယ်။
မသေမချင်းတော့
လူတွေအကြောင်း သင်ယူရင်း၊
ခလုတ်တိုက်ရင်း ပြန်ထရင်း၊ ဝဋ်ကြွေးတချို့ စိတ်နဲ့ ဆပ်ခွင့်ရခဲ့လို့ ကျေနပ်မိနေတယ်။
