တောင်ကိုရီးယားတွင် ခရီးသည်တင် လေယာဉ်တစ်စီး မီးလောင်

ဆိုးလ်၊ ဇန်နဝါရီ ၃၀

တောင်ကိုရီးယားနိုင်ငံတွင် ဇန်နဝါရီ ၂၈ ရက်ညပိုင်းက ခရီးသည်တင် လေယာဉ်တစ်စင်းသည် လေဆိပ်မှ ပျံသန်း ထွက်ခွာရန် ပြင်ဆင်နေချိန်၌ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်ဟု Sky News သတင်းဌာနမှ ဖော်ပြခဲ့သည်။

ထို့နောက် လေယာဉ်ပေါ်ရှိ လူ ၁၇၆ ဦးစလုံးကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

တောင်ကိုရီးယား၏ Air Busan လေကြောင်းလိုင်းက ပိုင်ဆိုင်သည့် Airbus လေယာဉ်သည် ဂင်ဟေး နိုင်ငံတကာ လေဆိပ် (Gimhae International Airport) မှ ဟောင်ကောင်သို့ ပျံသန်းထွက်ခွာရန် ပြင်ဆင်နေချိန်တွင် လေယာဉ်နောက်မြီးပိုင်းတွင် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ သည်။

လေယာဉ်ပေါ်ရှိ ခရီးသည် ၁၆၉ ဦး လေယာဉ်အမှုထမ်း ၆ ဦးနှင့် အင်ဂျင်နီယာတစ်ဦးတို့ကို လေယာဉ်ဘေးပေါက်မှ အရေးပေါ် ထွက်ပေါက်ကနေ လေမှုတ်လျောလေကား အသုံးပြုပြီး မြေပြင်ပေါ်သို့ ချပေးခဲ့ရသည်ဟု ထုတ်ပြန် ချက်တွင် ဖော်ပြခဲ့သည်။

ဘေးလွတ်ရာ ရွှေ့ပြောင်းမှုများအတွင်း လူ ၃ ဦး အသေးစား ဒဏ်ရာများ ရခဲ့ကြောင်းနှင့် လေယာဉ်တွင် လောင်ကျွမ်းနေသည့် မီးကို ဒေသစံတော်ချန် ည ၁၁ နာရီခွဲ၌ အပြီးသတ် ငြှိမ်းသတ်ခဲ့နိုင်ကြောင်း အမျိုးသား မီးသတ်ဌာနက ထုတ်ပြန်ခဲ့သည်။

လေယာဉ်သည် A321 အမျိုးအစားဖြစ်ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေ ကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

တောင်ကိုရီးယားနိုင်ငံ တောင်ပိုင်းရှိ မူအန်းနိုင်ငံတကာလေဆိပ် (Muan International Airport) တွင် Jeju Air လေကြောင်းလိုင်းမှ ခရီးသည်တင် လေယာဉ်တစ်စင်း ပျက်ကျခဲ့ပြီး လူပေါင်း ၁၇၉ ဦးသေဆုံးကာ ၂ ဦး အသက်ရှင် ခဲ့သည့် အဖြစ်ဆိုး ဖြစ်ပွားခဲ့ပြီးနောက် ၁ လအကြာတွင် ယခုဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာ ၂၉ ရက်က ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တွင် Boeing 737-800 ခရီးသည်တင် လေယာဉ်သည် အဆင်းဂီယာ ချွတ်ယွင်းမှုကြောင့် မူအန်းလေဆိပ်၏ ပြေးလမ်းပေါ်တွင် လျှောတိုက်ကာ နံရံကို ဝင်တိုက်ပြီး ပေါက်ကွဲခဲ့ခြင်းဖြစ် သည်။

Source: Sky News

ပုံ - မီးလောင်သွားတဲ့ လေယာဉ်ကိုတွေ့ရစဉ်

#centralnewsnaypyitaw

image