ဘိုနီဖေ့စ်ကို ခေါ်ယူဖို့ လေဗာကူဆင်နဲ့ အယ်လ်နာဆာ သဘောတူညီမှုရရှိ

ဇန်နဝါရီ ၃၀

အယ်လ်နာဆာအသင်းဟာ နိုင်ဂျီးရီးယားတိုက်စစ်မှူး ဘိုနီဖေ့စ်ကို ခေါ်ယူဖို့အတွက် လေဗာကူဆင်အသင်းကို ပြောင်းရွှေ့ကြေး ယူရိုသန်း ၆၀ ပေးဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။

အယ်လ်နာဆာအသင်းဟာ တိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ တာလီစကာက ဖီနာဘာချီအသင်းထံ ပြောင်းရွှေ့ သွားခဲ့ပြီး နောက် တိုက်စစ်မှူးတစ်ဦး ရှာဖွေခဲ့တာမှာ ဘိုနီဖေ့စ်ကို ခေါ်ယူနိုင်တော့မှာပါ။

Sky Sports ဂျာမနီက အယ်လ်နာဆာအသင်းဟာ ဘိုနီဖေ့စ်ရဲ့ အပြောင်းအရွှေ့အတွက် လေဗာကူဆင်အသင်းနဲ့ အပြည့်အဝ သဘောတူညီမှု ရရှိခဲ့ပြီး အသက် ၂၄ နှစ်အရွယ်ရှိ တိုက်စစ်မှူးဟာ ဆော်ဒီကလပ်မှာ တစ်ရာသီကို ယူရို ၁၅ သန်းရရှိမယ်လို့ ဖော်ပြထားပါတယ်။

ဘိုနီဖေ့စ်ဟာ အယ်လ်နာဆာအသင်းထံ ပြောင်းရွှေ့ဖို့ ဆေးစစ်မှု ခံယူပြီးသွားပြီလို့လည်း သိရပါတယ်။

ဘိုနီဖေ့စ်ဟာ လေဗာကူဆင်အသင်းအတွက် ပွဲဦးထွက်ခဲ့တဲ့ ပြီးခဲ့တဲ့ရာသီမှာ အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည် တွေကို ပြသခဲ့ပြီး ဘွန်ဒက်လီဂါ၊ ဂျာမန်ဖလားနဲ့ ဂျာမန်စူပါဖလားတို့ကို အသင်းရယူခဲ့တာမှာ အဓိက အခန်းကဏ္ဍ ကနေ ပါဝင်ခဲ့တာပါ။

ဘိုနီဖေ့စ်ဟာ ပြီးခဲ့တဲ့ရာသီက လေဗာကူဆင်အသင်းအတွက် ၃၄ ပွဲ ကစားခဲ့ပြီး ၂၁ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၀ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ်ရှိ တိုက်စစ်မှူးဟာ ဒီရာသီမှာတော့ လေဗာကူဆင်အသင်းအတွက် ၁၅ ပွဲ ကစားထားပြီး ၈ ဂိုး သွင်းယူထားတာပါ။

လေဗာကူဆင်အသင်းဟာ တိုက်စစ်မှူး ဘိုနီဖေ့စ် အသင်းကနေ ထွက်ခွာမှာဖြစ်တဲ့အတွက် သူ့နေရာမှာ အစားထိုး ဖို့ ရှာဖွေမှုတွေ ပြုလုပ်နေပြီး ဘရိုက်တန်အသင်း တိုက်စစ်မှူး အီဗန်ဖာဂူဆန်ကို အဓိကပစ်မှတ်အဖြစ် သတ်မှတ် ထားပါတယ်။

အီဗန်ဖာဂူဆန်ဟာ ဝက်စ်ဟမ်းအသင်း အပါအဝင် ပရီးမီးယားလိဂ် ကလပ် အများအပြားရဲ့ ပစ်မှတ်အဖြစ် ရှိနေတာပါ။

လေဗာကူဆင်အသင်းကတော့ အီဗန်ဖာဂူဆန်ကို ဘရိုက်တန်အသင်းဆီကနေ ခေါ်ယူနိုင်မယ်လို့ ယုံကြည်မှု ရှိနေတာ ဖြစ်ပါတယ်။

Source: Goal

#ဘောလုံးသတင်းစုံ

image