တောင်ကိုရီးယား လေဆိပ်မှာ လူ ၁၇၆ ယောက် လိုက်ပါလာတဲ့ ခရီးသည်တင်လေယာဉ်ဟာ မထွက်ခွာခင်မှာ မီးလောင်
အင်္ဂါနေ့ ညမှာ တောင်ကိုရီးယားမှ Gimhae နိုင်ငံတကာ လေဆိပ်မှာ Air Busan လေကြောင်းလိုင်းရဲ့ Airbus လေယာဉ်ဟာ ဟောင်ကောင်ကို ထွက်ခွာဖို့ ပြင်ဆင်နေချိန်မှာ လေယာဉ်အမြီးပိုင်းဟာ မီးလောင်သွားခဲ့ပါတယ်။ အဲဒီလေယာဉ်မှာ လူပေါင်း ၁၇၆ ယောက် လိုက်ပါလာပြီး ၁၆၉ ယောက်က ခရီးသည်နဲ့ ၇ ယောက်က လေယာဉ်ဝန်ထမ်းတွေ ဖြစ်ကြပါတယ်။ ခရီးသည်နဲ့ လေယာဉ်ဝန်ထမ်း အားလုံးကို ဘေးကင်းစွာ ကယ်တင်နိုင်ခဲ့ပါတယ်။ လူ ၃ ယောက်ကတော့ အသေးစား ဒဏ်ရာရသွားခဲ့ပြီး မစိုးရိမ်ရပါဘူး။
မီးသတ်သမားတွေက ၁ နာရီကြာ မီးငြိမ်းသတ်ပြီးနောက် ည ၁၁ နာရီ ၃၁ မိနစ်မှာ မီးငြိမ်းသွားခဲ့ပါတယ်။ မီးလောင်ရတဲ့ အကြောင်းအရင်းကို လက်ရှိမှာ မသိရသေးဘူးလို့ တောင်ကိုရီးယား သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
ဒီဇင်ဘာလတုန်းကလည်း Jeju Air ခရီးသည်တင်လေယာဉ်ဟာ တောင်ကိုရီးယားမှ Muan နိုင်ငံတကာ လေဆိပ်မှာ မတော်တဆမှု ဖြစ်ပွားပြီး လေယာဉ်ပေါ်ပါတဲ့ လူ ၁၈၁ ယောက်မှာ ၂ ယောက်ပဲ အသက်ရှင်ပြီး ကျန်တဲ့ လူအားလုံး ေ-သဆုံးသွားခဲ့ပါတယ်။ တောင်ကိုရီးယားရဲ့ လေကြောင်း သမိုင်းမှာ လူသေမှုအများဆုံး ဖြစ်ရပ် ဖြစ်ခဲ့ပါတယ်။
