*အရည်အသွေး ပြည့်ဝသော နိုင်ငံသားများ
တန်ဖိုးရှိသော လွတ်လပ်စွာ ပြောဆိုခြင်း ဖြစ်ဖို့ ပြောသူတွေမှာ အသိဉာဏ် အမြင် ပြည့်ဝဖို့ လိုသည်။
ထို့ကြောင့်လည်း ဒီမိုကရေစီ အခြေခိုင်လိုလျှင် တိုင်းပြည်၌ စာတတ်သူ၊ စာဖတ်သူ၊ ပညာအရည်အချင်းရှိသူတွေ များပြားဖို့လိုကြောင်း နိုင်ငံရေး ပညာရှင်တို့ အလေးအနက် ပြောကြခြင်း ဖြစ်သည်။
ဉာဏ်ပညာ ဗဟုသုတရှိသူ၊ ကြောင်းကျိုး ဆက်စပ် စဉ်းစားတတ်သူ၊ ပြဿနာရပ်တို့နှင့် စပ်လျဉ်း၍ အချက်အလက် စုံလင်စွာ သိရအောင် စူးစမ်း မေးမြန်း တတ်သူ၊ ..အဲသည်လို နားလည် ပါးလည်လူတွေ များပြားနေမှသာလျှင် တိုင်းပြည်အရေးကိစ္စများနှင့် စပ်လျဉ်း၍ လုပ်ဆောင်ခွင့် ရကြသူတို့ ချမှတ်သည့် ပေါ်လစီမူဝါဒများသည် သင့်တော်ကောင်းမွန်မှု ရှိမရှိ၊ ယင်းမူဝါဒများကို အကောင်အထည်ဖော်ရာ၌ ဖြောင့်မတ်မှန်ကန်မှု ရှိမရှိနှင့်၊ ထိရောက်စွာ ဆောင်ရွက်နိုင်စွမ်း ရှိမရှိတို့ကို စောင့်ကြည့်ကာ ထောက်ပြဝေဖန်ခြင်း၊ မိမိ အထောက်အကူပြုနိုင်သော နေရာများတွင် ပံ့ပိုးကူညီခြင်းများ ပြုလုပ်နိုင်ကြမည်ဖြစ်သည်။
ချုပ်ပြောသော် ဒီမိုကရေစီနိုင်ငံတို့၏ စွမ်းအားဟူသည် အများပြည်သူ တို့၏ လွတ်လပ်ပွင့်လင်းသော စကားများထဲတွင် ပါရှိလာသည့် များပြား စုံလင်သော အတွေးအမြင် အယူအဆများ၊ ကိန်းဂဏန်း အချက်အလက်များ၊ စိတ်ကူးစိတ်သန်းများ၊ အကြံဉာဏ် အမြော်အမြင်များကို အပြည့်ဝဆုံးရယူ သုံးစွဲနိုင်မှုပေါ်တွင် မူတည်သည်ဟု ဆိုနိုင်သည်။