ငယ်ဘဝကလပ်ထံ နေမာပြန်လာမယ်လို့ ဆန်းတို့စ်ဥက္ကဋ္ဌကြေညာ
ဇန်နဝါရီ ၃၀
ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်အသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့တဲ့ နေမာဟာ သူ့ရဲ့ငယ်ဘဝ ကလပ်ဖြစ်တဲ့ ဆန်းတို့စ်အသင်းထံ ပြန်လာမယ်လို့ ဘရာဇီးလ်ကလပ်ဥက္ကဋ္ဌက ဆိုရှယ်မီဒီယာကနေ ကြေညာခဲ့ပါတယ်။
မာဆယ်လိုတိုင်ဇီရာက “နေမာပြန်လာဖို့ အချိန်ရောက်ရှိလာပါပြီ။ မင်းရဲ့လူတွေဆီ မင်းပြန်လာဖို့ အချိန်ရောက်ရှိ လာပါပြီ။ ကျနော်တို့ရဲ့အိမ်၊ ကျနော်တို့ရဲ့ နှလုံးသားရှိတဲ့ ကလပ်ထံကိုပါ။ နေမာကို ကျနော်တို့ ကြိုဆိုပါတယ်။ အင်္ကျီအဖြူနဲ့အနက်ရောင်ကို ထပ်ပြီးဝတ်ဆင်ကာ ပျော်ပျော်ရွှင်ရွှင်နဲ့ ပြန်လာခဲ့ပါ။ ဆန်းတို့စ်တွေဟာ မင်းကို လက်နှစ်ဖက်နဲ့ ပွေ့ဖက်ပြီး ကြိုဆိုဖို့ စောင့်နေပါတယ်”လို့ ရေးသားခဲ့တာပါ။
နေမာဟာ အယ်လ်ဟီလယ်အသင်းမှာ ၁၇ လကြာရှိခဲ့ပေမယ့် ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပြီး ပြိုင်ပွဲစုံ ၇ ပွဲသာ ပါဝင်ကစားနိုင်ခဲ့ကာ ၁ ဂိုးသွင်းယူခဲ့ပါတယ်။
အယ်လ်ဟီလယ်အသင်းဟာ နေမာကို ဒီရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲရဲ့ ဒုတိယရာသီဝက်မှာ အသင်းလူစာရင်းထဲ မထည့်သွင်းဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် နှစ်ဦးနှစ်ဖက် ဆွေးနွေးမှုပြုလုပ်ကာ စာချုပ်ဖျက်သိမ်းခဲ့တာပါ။
နေမာဟာ အပြောင်းအရွှေ့အတွက် မေဂျာလိဂ်ကလပ် ချီကာဂိုအသင်းရဲ့ ချိတ်ဆက်မှုတွေကို ရရှိခဲ့ပေမယ့် ငယ်ဘဝကလပ် ဆန်းတို့စ်အသင်းထံ ပြန်လာဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ဆန်းတို့စ်အသင်းဟာ နေမာကို မကြာခင် ရက်ပိုင်းအတွင်းမှာ ကစားသမားသစ်အဖြစ် တရားဝင် မိတ်ဆက်သွားဖို့ ရှိနေပြီး နေမာဟာ ဘရာဇီးလ်ကလပ်မှာ ကျောနံပါတ် ၁၀ ဝတ်ဆင်မယ်လို့ သိရပါတယ်။
ဆန်းတို့စ်အသင်းမှာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို စတင်ခဲ့တဲ့ နေမာဟာ ၂၀၀၉ ကနေ ၂၀၁၃ ခုနှစ်အထိ ပွဲပေါင်း ၂၂၅ ပွဲ ကစားခဲ့ပြီး ၁၃၆ ဂိုးသွင်းယူကာ ကိုပါလီဘာတေးဒိုးစ်ဆုဖလား အပါအဝင် ဆုဖလား ၆ လုံး ရယူနိုင် ခဲ့တာပါ။
နေမာဟာ ဆန်းတို့စ်အသင်းကနေ ထွက်ခွာပြီးနောက်မှာ ဘာစီလိုနာ၊ ပီအက်စ်ဂျီအသင်းတွေထံ ပြောင်းရွှေ့ခဲ့ပြီး ဆုဖလားအောင်မြင်မှု အများအပြား ရယူနိုင်ခဲ့ပေမယ့် အယ်ဟီလယ်အသင်းမှာတော့ ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပြီး စာချုပ်ဖျက်သိမ်းခဲ့ရတာ ဖြစ်ပါတယ်။
Source: ESPN
#ဘောလုံးသတင်းစုံ
