မလေးရှားနိုင်ငံတွင် အရပ်ဝတ်အသွင်ယူကာ အော်ပရာဇီဖမ်းဆီးခြင်းများရှိလာသောကြောင့် မြန်မာများ ပိုမိုသတိထားနေရ
ဇန်နဝါရီ ၃၀
မလေးရှားနိုင်ငံတွင် အရပ်ဝတ်အသွင်ယူကာ အော်ပရာဇီဖမ်းဆီးခြင်းများရှိလာသောကြောင့် မြန်မာများ ပိုမို သတိထားနေရကြောင်း မြန်မာလုပ်သားအရေးကူညီဆောင်ရွက်နေသူတစ်ဦးက NP News သို့ ပြောသည်။
မလေးရှားနိုင်ငံတွင် ၂၀၂၄ ခုနှစ်၊ ၆ လပိုင်းမှစတင်၍ နေရာတိုင်းလိုလိုတွင် တရားမဝင်နေထိုင်သူအားလုံးကို ပိုမို အဖမ်းအဆီးများလာခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ဖမ်းဆီးမှုများကို မလေးရှားနိုင်ငံ၏ မြို့တော်ကွာလာလမ်ပူ အပါအဝင် မလေးရှားနိုင်ငံ၏ ပြည်နယ်အတော် များများတွင် ပြုလုပ်နေခြင်းဖြစ်ရာ တရားမဝင်လုပ်သားများအတွက် အခက်အခဲဆုံးကာလတစ်ခုကို ရင်ဆိုင်နေရ ခြင်းဖြစ်သည်။
“အရင်တုန်းကဆိုရင် ယူနီဖောင်းနဲ့ အခုနောက်ပိုင်းဆို ယူနီဖောင်းတောင်မပါတော့ဘူး။ တော်တော်များများက အရပ်ဝတ်တွေနဲ့ဖမ်းလာတယ်။ အဲဒီတော့ အရပ်ဝတ်တွေနဲ့ဖမ်းလာတဲ့နေရာမှာ တစ်ချို့တွေက ဒီမြန်မာနိုင်ငံသား တွေပဲဖြစ်ဖြစ်၊ အခြားနိုင်ငံသားတွေပဲဖြစ်ဖြစ် မနက်အစောပိုင်း အလုပ်သွားတဲ့အခါမှာ ရဲ မဟုတ်ဘဲနဲ့ (တရားမဝင်ဖမ်းဆီးရေး) ၆ လ တာဝန်ယူတဲ့ နိုင်ငံသားတွေလည်း ပေါ်ပေါက်လာတွေလည်း အရမ်းများတယ်” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံသားများအနေဖြင့် ယခုကဲ့သို့ အရပ်ဝတ်ဖြင့်အဖမ်းအဆီးများကြောင့် ဝေးလံသောနေရာများကို မသွား ကြဘဲ မိမိနေအိမ်တွင် နေကြခြင်းနှင့် မိမိအလုပ်ရုံတွင်သာ နေထိုင်ကြသော်လည်း အလုပ်နှင့်နေအိမ်ဝေးနေသူများ သည် လမ်းတစ်ဝက်တွင် အဖမ်းခံရခြင်းများရှိကြောင်း သိရသည်။
“ကိုယ်အလုပ်လုပ်တဲ့နေရာမှာ အရပ်ဝတ်နဲ့လာပြီး ဘယ်သူက ရဲမှန်းမသိ၊ ဘယ်သူက လဝက မှန်းမသိ အဲဒီလိုမျိုး ဖမ်းတဲ့အခါကျတော့ လူအများစုက အဖမ်းခံရတယ်။ တချို့ဆို စားသောက်ဆိုင်ဝန်ထမ်းတွေဆိုရင်လည်း စားသောက်ဆိုင်ကို ဝင်ချလာတယ်။ ဝင်ချလာပြီး သူက ရိုးရိုးထမင်းစားမယ့်လူအောက်မေ့ပြီးသွားမှာ၊ လက်ကို ဖမ်းကိုင်ပြီး သူတို့ရဲ့ ဒီ လဝက တံဆိပ်တွေ၊ Identity ကတ်တွေပြပြီး အဲဒီတော့ ကောက်စစ်ပြီးဖမ်းတာတွေ အဲဒီလို ဆိုတော့ တော်တာ်များများကတော့ အဖမ်းခံရတာ တော်တော်ဆိုးပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
လက်ရှိတွင် ကားပေါ်တွင် တက်ဖမ်းခြင်းများ၊ လမ်းပေါ်တွင် ဘလောက်တုံးများချ၍ ဖမ်းခြင်းများရှိလာသည့် အတွက် တရားမဝင်နေထိုင်သူများအနေဖြင့် သတိထားနေထိုင်နေကြကြောင်း သိရသည်။
“ဘဝပေးအခြေအနေအရ တရားမဝင်အလုပ်သမားအနေနဲ့ သူများနိုင်ငံမှာ လာအလုပ်လုပ်ရတာပါ။ အခုကတော့ ပိုပြီးတော့ သတိထားနေကြရပါတယ်။ တကယ်လို့သူတို့ဖမ်းမိသွားပြီဆိုရင် ဒီကိုလာဖို့အတွက် ရင်းနှီးမြှုပ်နှံခဲ့ရတာ တွေ အကုန်လုံးက အလကားဖြစ်ကုန်တာလေ” ဟု မလေးရှားနိုင်ငံရောက် တရားမဝင်အလုပ်သမားတစ်ဦးက ဆိုသည်။
#centralnewsnaypyitaw
