အယူခံအောင်မြင်ခဲ့လို့ စကယ်လီရဲ့ပွဲပယ်ကို FA ပယ်ဖျက်

ဇန်နဝါရီ ၂၉

အာဆင်နယ်အသင်းဟာ ဝုလ်ဗ်စ်အသင်းကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ တိုက်ရိုက် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရတဲ့ စကယ်လီရဲ့ ပြစ်ဒဏ်ကို အယူခံဝင်ခဲ့တာမှာ အောင်မြင်ခဲ့လို့ သူ့ရဲ့ ၃ ပွဲပယ်ပြစ်ဒဏ်ကို FA က ပယ်ဖျက်ပေးခဲ့ပါတယ်။

အာဆင်နယ်အသင်းက ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ရဲ့ ပထမပိုင်းပြီးခါနီးမှာ စကယ်လီဟာ ဝုလ်ဗ်စ်အသင်း တန်ပြန်တိုက်စစ် စတင်ချိန် ဝုလ်ဗ်စ်အသင်း နောက်ခံလူ ဒိုဟာတီကို ဖျက်ထုတ်ခဲ့တာပါ။

ကွင်းလယ်ဒိုင်လူကြီး မိုက်ကယ်အိုလီဗာက ဖျက်ထုတ်ပုံ ကြမ်းတမ်းတယ်လို့ ယူဆပြီး စကယ်လီကို တိုက်ရိုက် အနီကတ်ပြ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ဒီဆုံးဖြတ်ချက်အပေါ် ဒေါသထွက်ပြီး မှားယွင်းစွာ ထုတ်ပယ်ခံခဲ့ရတဲ့ စကယ်လီရဲ့ အနီကတ်ကို ပယ်ဖျက်ပေးဖို့ အယူခံဝင်ခဲ့တာမှာ အောင်မြင်ခဲ့တာပါ။

နည်းပြ အာတီတာက “စကယ်လီရဲ့ အနီကတ်ကို ပယ်ဖျက်ခဲ့တဲ့ ဆုံးဖြတ်ချက်အတွက် ကျနော်တို့ အလွန်ပျော်ရွှင် ပါတယ်။ ကလပ်ဟာ ကျနော်တို့ရဲ့ ရပ်တည်ချက်ကို ခုခံကာကွယ်ဖို့ အထောက်အထားတွေ အားလုံးကို စုစည်းခဲ့ပြီး မြန်မြန်ဆန်ဆန် ပြီးဆုံးသွားခဲ့ပါတယ်။ စကယ်လီ ပြန်ပါဝင်နိုင်မှာ ဖြစ်တဲ့အတွက် ကျနော်တို့ဟာ ရွေးချယ်စရာ တွေ ပိုရှိလာပြီး ဒါက အသင်းအတွက် အလွန်ကောင်းတဲ့အရာပါ”လို့ ပြောခဲ့ပါတယ်။

စကယ်လီဟာ ပွဲပယ်ပြစ်ဒဏ် ပယ်ဖျက်ခံခဲ့ရတဲ့အတွက် လာမယ့် မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်အသင်းအတွက် ပြန်ပါဝင်လို့ ရရှိသွားပြီဖြစ်တာပါ။

အာဆင်နယ်အသင်းဟာ ဝုလ်ဗ်စ်အသင်းနဲ့ပွဲစဉ်မှာ စကယ်လီရဲ့ အနီကတ်ကြောင့် တစ်ဦးလျော့နဲ့ ကစားခဲ့ရ ပေမယ့် ဒုတိယပိုင်းပွဲချိန်မိနစ် ၇၀ မှာ ဝုလ်ဗ်စ်အသင်း ကွင်းလယ်လူ ဂိုမက်စ် နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံရပြီး နောက်မှာ ကာလာဖီအိုရီက အသင်းအတွက် အနိုင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဇန်နဝါရီ ၃၀ ရက် မနက်ပိုင်းမှာ ချန်ပီယံလိဂ် အုပ်စုအဆင့် နောက်ဆုံးပွဲအဖြစ် ဂျီရိုနာ အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး သရေတစ်မှတ်ရရှိတာနဲ့ ၁၆ သင်းအဆင့်ကို တိုက်ရိုက်တက်နိုင်မှာ ဖြစ်ပါတယ်။

Source: BBC

#ဘောလုံးသတင်းစုံ

image