14 w - Translate

ဒီနေ့ညမှာတော့ ချန်ပီယံလိဂ် ပုံစံအသစ်ရဲ့ League Phase နောက်ဆုံးပွဲစဉ်တွေကို တချိန်တည်း ယှဉ်ပြိုင်ကစားသွားကြတော့မှာပါ ။ အဆင့် ၁ ကနေ ၈ အတွင်းအသင်းတွေက ၁၆ သင်းအဆင့်ကို တခါတည်းတက်ရောက်ကြမှာဖြစ်ပြီး အဆင့် ၉ ကနေ ၂၄ အတွင်းအသင်းတွေက အကြုံရှုံးထွက်အဖြစ် Play-off ကစားကြရဦးမှာဆိုတာကိုတော့ ဘောလုံးဝါသနာရှင်တွေ သိထားပြီးကြပါပြီ ။

ရှုံးထွက်အဆင့်ပွဲစဉ်တွေကို မဲနှိုက်ပြီး ရွေးချယ်မှာဖြစ်ပေမယ့် အရင်ကပုံစံနဲ့ မတူညီမှုတွေ ရှိလာခဲ့ပါတယ် ။ အရင်တုန်းက ၁၆ သင်းအဆင့်အထိ နိုင်ငံတူကလပ်အသင်းအချင်းချင်းမဆုံတွေ့ကြပေမယ့် အခုပုံစံသစ်မှာတော့ နိုင်ငံတူအသင်းတွေ တွေ့ဆုံကြမှာပါ ။

အဆင့်ကပ်လျက်အသင်းတွေ အချင်းချင်းဆုံတွေ့ကြမှာမဟုတ်ပါဘူး ။ ဒါ့အပြင် အဲ့ဒီအသင်းတွေဟာ ရှုံးထွက်ပွဲစဉ်ဇယားရဲ့ တဘက်စီကို ရောက်သွားကြမှာဖြစ်လို့ ဗိုလ်လုပွဲရောက်နိုင်မှသာ ပြန်ဆုံကြတော့မှာ ဖြစ်ပါတယ် ။

ပြောရမယ်ဆိုရင် အဆင့် ၉ နဲ့ ၁၀ က အသင်းတွေဟာ Play-off ပွဲစဉ်မှာ ဆုံတွေ့မှာမဟုတ်သလို ရှုံးထွက်ဇယားတဘက်စီကိုရောက်သွားကြမှာဖြစ်တာကြောင့် ဗိုလ်လုပွဲမရောက်ရင် ဆုံတွေ့ဖို့ မရှိတော့ပါဘူး ။ အဆင့် ၁-၂ ၊ ၃-၄ ၊ ၅-၆ စတဲ့အသင်းတွေကလည်း အတူတူပါပဲ ။

ရှုံးထွက်အဆင့်မှာ ဘယ်အသင်းတွေတွေ့ဆုံမယ်ဆိုတာကို အစကတည်းက ရွေးချယ်ထားပြီးသားပါ ။ ဘယ်အသင်းက ဘယ်ဘက်ခြမ်းမှာ ရှိနေမလဲဆိုတာကိုသာ ပြန်လည်ရွေးချယ်ရမှာပဲ ဖြစ်ပါတယ် ။ Play-off အဆင့်မှာ အဆင့် ၉-၁၆ အတွင်းအသင်းတွေဟာ ဒုတိယအကျော့ကို အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ် ။

image