ပြည်သူ့စစ်မှုထမ်းဥပဒေအပေါ် မမှန်မကန်ဆောင်ရွက်မှုများရှိကြောင်းတွေ့ရှိပါက ထိရောက်စွာအရေးယူသွားရန် ဗိုလ်ချုပ်ကြီးမောင်မောင်အေးပြောကြား

နေပြည်တော်၊ ဇန်နဝါရီ ၂၉

ပြည်သူ့စစ်မှုထမ်းဥပဒေအပေါ် မမှန်မကန်ဆောင်ရွက်မှုများရှိကြောင်း တွေ့ရှိပါက ထိရောက်စွာအရေးယူသွားရန် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးက မှာကြားလိုက်သည်။

ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၁/၂၀၂၅)ကို ယမန်နေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။

ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ခြင်းနှင့်ပတ်သက်၍ ပြည်သူလူထုအကြား သတင်းမှန်၊ သတင်းမှား မြောက်မြားစွာ ဖြစ်ပေါ်လျက်ရှိနေကြောင်း၊ ရပ်ကွက်၊ ကျေးရွာအဆင့်မှစ၍ မြို့နယ်၊ ခရိုင်စသည့် အဆင့်ဆင့်၏ အားနည်းချက်များကို မီဒီယာများသာမက ပုဂ္ဂလိကတစ်ဦးချင်းကပါ ထောက်ပြပြောဆိုမှုများရှိကြောင်း၊ အများစုသည် သတင်းမှန်အနည်းငယ်ကိုအခြေခံပြီး ပြည်သူလူထုအထင်အမြင်မှားစေရန်၊ စစ်မှုထမ်းဆင့်ခေါ်မှုပုံရိပ် ထိခိုက်ကျဆင်းစေရန် ပုံကြီးချဲ့ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေအပေါ် မမှန်မကန်ဆောင်ရွက်မှုများရှိကြောင်း တွေ့ရှိပါက ထိရောက်စွာအရေးယူသွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ မတရားပြုလုပ်ကြောင်း မှန်ကန်သည့်အတွက် ထိရောက်စွာ အရေးယူသွားရန်၊ အရေးယူပြီး၊ အရေးယူဆဲအမှုများလည်းရှိနေကြောင်း၊ အလားတူပြည်သူ့စစ်မှုထမ်းရန်ကိစ္စနှင့် ပတ်သက်၍ မှန်ကန်မှုမရှိဘဲ လုပ်ကြံပြောဆိုဝါဒဖြန့်ခြင်း၊ မမှန်မကန်တိုင်ကြားခြင်းများရှိပါက တိကျစွာဖော်ထုတ်၍ အရေးယူသွားရန်လိုအပ်မည်ဖြစ်ကြောင်း ပြောသည်။


ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရသည့် ရပ်၊ ကျေးအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်အဖွဲ့များအနေဖြင့် ပြည်သူနှင့်ဆက်ဆံရေးကောင်းမွန်စေရန်၊ ငွေကြေးဆိုင်ရာမသမာမှုများမရှိစေရန်၊ သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်မှုရှိစေရန်တို့အတွက် တာဝန်ရှိသူအဆင့်ဆင့်က စိစစ်ကြပ်မတ်ရန်လိုကြောင်း၊ ပြည်သူ့စစ်မှုထမ်းဗဟိုအဖွဲ့အနေဖြင့် ပြည်သူများတင်ပြလာသည့် ကင်းလွတ်၊ လျှော့ပေါ့၊ ရွှေ့ဆိုင်းခွင့်များနှင့်စပ်လျဉ်း၍ စိစစ်ခွင့်ပြုပေးလျက်ရှိကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးအတွက် နိုင်ငံသားတိုင်းတွင်တာဝန်ရှိပြီး ဥပဒေအရသတ်မှတ်ထားသော အသက်ကန့်သတ်ချက်အတွင်းရှိသူများ သတ်မှတ်ကာလအလိုက် အဆင်ပြေချောမွေ့စွာ တာဝန်ထမ်းဆောင်နိုင်ရေး ဆောင်ရွက်သွားရန် လိုမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ပြောသည်။


ဗိုလ်ချုပ်ကြီးမောင်မောင်အေးက သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်အလိုက် ပြည်သူ့စစ်မှုထမ်းဥပဒေပါ သတ်မှတ်အကျုံးဝင်သည့် အရေအတွက်ကို စနစ်တကျမှန်ကန်အောင် ကြိုတင်ပြုစုထားပြီး သက်ဆိုင်သူများသိရှိရေး ဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ သို့မှသာ အမှန်တကယ်စုဆောင်းသည့်အခါတွင် မသမာမှုများမပြုလုပ်နိုင်ဘဲ အများက လက်ခံယုံကြည်နိုင်သည့် အနေအထားတစ်ရပ်ကို ရရှိမည်ဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ခြင်းသည် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည့်အတွက် စီမံခန့်ခွဲမှု ကောင်းကောင်းဖြင့် စည်းကမ်းစနစ်တကျ လုပ်ဆောင်ရမည့် ကိစ္စဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းတစ်ဦးအဖြစ် ကိုယ်တိုင်က နိုင်ငံသားကောင်းပီသစွာ တာဝန်ထမ်းဆောင်နိုင်ရေး ကြိုးစားလုပ်ဆောင် သွားရန်လိုအပ်မည်ဖြစ်ကြောင်း၊ အတင်းအဓမ္မဖိအားပေးစုဆောင်းခြင်းမျိုး မဖြစ်စေဘဲ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတို့နှင့်အညီ စနစ်တကျ ကြိုးစားစုဆောင်းကြစေရေး အလေးထားဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားခဲ့သည်။

#centralnewsnaypyitaw

image