14 ပတ် - ဘာသာပြန်ပါ။

ထိုင်း ဒူးရင်းသီးများကို စစ်ဆေးမှုများ ပိုမိုတင်းကြပ်သွားရန်ရှိ
--------------------------
ထိုင်းနိုင်ငံရဲ့ ဒူးရင်းပို့ကုန်အပေါ် တရုတ်က ယာယီပိတ်ပင်လိုက်တာကြောင့် တရုတ်ကို ဒူးရင်းမတင်ပို့ခင် ပိုမိုတင်းကြပ်တဲ့ စစ်ဆေးမှု အစီအမံတွေကို ထိုင်းနိုင်ငံ စိုက်ပျိုးရေးနှင့် သမဝါယမ ဝန်ကြီးဌာနက ဆောင် ရွက်သွားမှာဖြစ်တယ်လို့ The Nation Thailand သတင်းမှာဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံ ဒူးရင်းတွေမှာ တားမြစ်ထားတဲ့ ဓာတုဆေးတွေနဲ့ ကင်ဆာ ဖြစ်စေနိုင်တဲ့ အရောင်ခြယ် ပစ္စည်းတစ်ခု ဖြစ်တဲ့ “Basic Yellow 2” တွေ့ရှိတာကြောင့် အခုလို စစ်ဆေးမှုတွေ ပိုမိုဆောင်ရွက်သွားဖို့ရှိနေတာဖြစ်ပါတယ်။ ဒူးရင်းသီး သယ်ဆောင်လာတဲ့ ကုန်သေတ္တာအားလုံးက သင်္ဘောထွက်ခွာခွင့်မပြုခင် ကင်ဆာဖြစ်စေတဲ့ အရောင် ခြယ်ပစ္စည်းဖြစ်တဲ့ “Basic Yellow 2” အပြင် “Cadmium” နဲ့ ဒူးရင်းပိုးတွေအတွက်လည်း စစ်ဆေးခံရမှာ ဖြစ်ပါတယ်။

ပို့ကုန်ပိတ်ပင်ခံရပြီးနောက် ဝန်ကြီးက အရေးတကြီး အစည်းအဝေးတစ်ခုခေါ်ယူခဲ့ပြီး ပို့ကုန်အကြိုစစ်ဆေးတဲ့ အစီအမံသစ်က လာမယ့် ၁၀ ရက်အတွင်း စတင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လုပ်ငန်းဆောင်ရွက်သူတွေက ချမှတ်ထားပေးလိုက်တဲ့ လိုအပ်ချက်တွေကို ဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့ရင် ပို့ကုန်လိုင်စင်တွေ ဆုံးရှုံးသွားမယ်လို့ စိုက်ပျိုးရေးနှင့် သမဝါယမ ဝန်ကြီး ကပြောပါတယ်။

အခုလို ပို့ကုန်အကြို ပြင်းထန်တဲ့စစ်ဆေးမှုတွေဆောင်ရွက်တာက ထိုင်းနိုင်ငံရဲ့ ထုတ်ကုန်အရည်အသွေးနဲ့ စိတ်ချရမှု စံနှုန်းတွေအပေါ် တရုတ်ရဲ့ယုံကြည်ချက်ကို မြှင့်တင်ပေးဖို့ ဖြစ်တယ်လို့ ထိုင်းနိုင်ငံ စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာနက ပြောပါတယ်။

image