ဗေဂါကိုခေါ်ယူပြီးနောက် ဒါနီလိုနှင့် ဂျူဗင်တပ်လမ်းခွဲ
-----------------------------
စီးရီးအေကလပ် ဂျူဗင်တပ်အသင်းဟာ ချဲလ်ဆီးအသင်းဆီကနေ ပေါ်တူဂီနောက်ခံလူ ဗေဂါကို ရာသီကုန်အထိ အငှားခေါ်ယူခဲ့ပြီးနောက် ဘရာဇီးနောက်ခံလူ ဒါနီလိုနဲ့ လမ်းခွဲကြောင်းကြေညာလိုက်ပါတယ်။ အသက် ၂၁ နှစ် အရွယ် ဗေဂါဟာ အခုရာသီအစပိုင်းမှာ ဘေဆယ်အသင်းဆီကနေ ချဲလ်ဆီးကို ၇ နှစ်စာချုပ်နဲ့ရောက်လာခဲ့ပေမဲ့ ပရီးမီးယားလိဂ် ၁ ပွဲသာ ကစားခွင့်ရထားခဲ့တာဖြစ်ပါတယ်။
ဒါကြောင့်လည်း ပုံမှန်ကစားခွင့်ပိုရနိုင်မဲ့ ဂျူဗင်တပ်အသင်းဆီကို ရာသီကုန်အငှားစာချုပ်နဲ့ ရောက်လာဖို့ ဆုံးဖြတ် ခဲ့တာပါ။ ဂျူဗင်တပ်အသင်းကလည်း ခံစစ်မှာ ဘရီမာနဲ့ ကာဘယ်တို့ ဒဏ်ရာရနေတာကြောင့် ဗေဂါအနေနဲ့ အသင်းသစ်မှာ အချိန်တိုအတွင်းနေရာရဖွယ်ရှိနေပါတယ်။ တစ်ဘက်မှာလည်း ဂျူဗင်တပ်အသင်းဟာ ၂၀၁၉ ခုနှစ် ထဲက အသင်းကိုရောက်နေခဲ့တဲ့ ဘရာဇီး နောက်ခံလူ ဒါနီလိုနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ပါတယ်။
အသက် ၃၃ နှစ်အရွယ် ဒါနီလိုဟာ ပေါ်တို၊ ရီးရဲလ်နဲ့ မန်စီးတီးအသင်းတွေမှာ ကစားခဲ့ပြီးနောက် ဂျူဗင်တပ် အသင်းဆီကိုရောက်လာခဲ့တာဖြစ်ပြီး ဂျူဗင်တပ်အတွက် ပြိုင်ပွဲစုံ ၂၁၃ ပွဲကစားပြီး ၉ ဂိုးသွင်းယူပေးခဲ့ပါတယ်။ ဒီရာသီမှာလည်း ဒါနီလိုဟာ စီးရီးအေ ၁၂ ပွဲအပါအဝင် ပြိုင်ပွဲစုံ ၁၆ ပွဲကစားပေးထားတာဖြစ်ပြီး နည်းပြ မော့တာ ဟာ အသင်းခံစစ်မှာ လူငယ်တွေနဲ့ အပြောင်းအလဲပြုလုပ်ချင်တာကြောင့် အခုလိုမျိုး နှစ်ဘက်သဘောတူလမ်းခွဲဖို့ ကို ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
