Ai ပြိုင်ပွဲ…
ဒီနေ့ AI ကုမ္ပဏီတွေရဲ့ စတော့ခ်တွေ ဂျွမ်းပြန်ကျတယ်။ စုစုပေါင်း ဘီလီယံ ၅၀၀ လောက် စျေးကွက်ထဲက ပျောက်သွားတယ်။ ဘာလို့လဲ? Deepseek ဆိုတဲ့ တရုတ် Ai က သတ်လိုက်လို့ အမေရိကန် Ai ကုမ္ပဏီတွေ ဂျွမ်းပြန်ထွက်သွားတာတဲ့။
Deepseek ဆိုတာဘာလဲ? တရုတ်က ထုတ်ပြလိုက်တဲ့ ChatGpt လို Ai chatbot တမျိုး၊ ဘယ်လောက်ကောင်းလဲ?ChatGpt နဲ့ လယ်ဗယ်တူတယ်။ ကြိုက်တာမေးစမ်း၊ အကုန်ပြန်ဖြေတယ်။ သဘာဝကျတယ်၊ ယုတ္တိရှိတယ်၊ ဥာဏ်ကြီးတယ်။ အကုန်သိတယ်။
ဘာထူးဆန်းလို့နံမည်ကြီးတာလဲ? Ai တခု ဖြစ်လာဖို့၊ သန္ဓေတည်ဖို့၊ မွေးဖို့ဆိုတာ အတော်ခက်ပါတယ်။ ဘီလီယံပေါင်းများစွာကုန်ကျတယ်။ အဓိက လျှပ်စစ်ပဲ၊ ဒီ Ai chatbotရဲ့ ဦးဏှောက်အကြီးကြီးကို လျှပ်စစ်မပြတ်ကျွေးထားပြီး ထွက်လာတဲ့ အပူတွေကြောင့် စက်ရပ်မသွားအောင် ရေအများကြီးလောင်းပေးရတယ်။ ChatGpt Ai ကုမ္ပဏီရဲ့ လျှပ်စစ်ဖြုန်းအားဟာ ၂၂၆.၈ ဂီဂါဝပ်ကုန်တယ်တဲ့။ ChatGpt ဟာ တနေ့မေးခွန်း သန်း ၂၀၀ ကျော် ဖြေပေးရတယ်။ နောင်မှာ Ai ကိုလူတွေသုံးတာများလာရင် မေးခွန်းဘီလီယံပေါင်းများစွာဖြေရရင် ChatGptကုမ္ပဏီရဲ့ တနေ့ လျှပ်စစ်လိုအပ်ချက်ဟာ မြန်မာတနိုင်ငံလုံး လိုအပ်ချက်ထက်ပိုလာမယ်။ ဒါကုမ္ပဏီတခု လိုအပ်ချက်။
ဒီတော့ Ai ကုမ္ပဏီတခုတည်ထောင်ဖို့ ၂ ခုလိုတယ်။ ၁။ ငွေတွေ ဘီလီယံနဲ့ချီပြီးသုံးရမယ်၊ ၂။ နည်းပညာထိပ်တန်းဖြစ်နေရမယ်။ တနေ့က အမေရိကန်မှာ Ai နည်းပညာဖွင့်ဖြိုးဖို့ ဘီလီယံ ၅၀၀ သုံးမယ်လို့ စာချုပ်ချုပ်ကြတယ်။
အမေရိကန်တွေဟာ ဒီလောက်ငွေကုန်ကြေးကျများတဲ့ Ai လုပ်ငန်းမှာ တရုတ် လိူက်မလာနိုင်ဖို့ နောက်ကောက်ချလိုက်ဖို့ အကြီးအကျယ် ကြိုးစားကြတယ်။ အဆင့်မြင့်Chip တွေ တရုတ် မရသွားဖို့၊ နည်းပညာတွေမရသွားဖို့ အပတ်တကုတ်အားထုတ်ကြတယ်။ အဲ့ဒီကြားထဲက Deepseek ဆိုတဲ့ တရုတ် Ai ထွက်လာတယ်။ ဝိုင်းသုံးကြည့်ကြတော့ ဟာ… ငါတို့ ChatGpt နဲ့ ဥာဏ်ရည်တူပါလားလို့ တွေ့ကြရတယ်။ နောက် အံ့အားအသင့်ရဆုံးက အဲ့ဒီ Deepseek Ai ဖြစ်လာဖို့ ဒေါ်လာ၆သန်းပဲ ကုန်တယ်တဲ့။ ပြီးတော့ ရိုးရိုး chip နဲ့ပဲသုံးသွားတာ။
အမေရိကန်တွေကို တရုတ်က “အဲ့လောက်မကုန်ပါဘူးဟ၊ မောင်ရင်တို့ ပိုက်ဆံသိပ်ဖြုန်းတာပဲ” လို့လှောင်လိုက်သလိုပဲ။ အခုကွိုင်တက်ကုန်ပြီ။
Deepseek ထွက်လာတော့ အမေရိကန် chip ကုမ္ပဏီတွေ၊ Nvidia,google, Microsoft ကုမ္ပဏီတွေ ရှယ်ယာစျေး ပြုတ်ကျကုန်ကြတယ်။ အဓိပ္ပါယ်က ဟင် မင်းတို့ ကုမ္ပဏီတွေမှာ ငါတို့ဘီလီယံနဲ့ချီ ရှယ်ယာတွေဝယ်ရင်းနှီးမြုပ်နှံထားတာ မင်းတို့ပြောတော့ Ai ဆိုတာအကုန်အကျများတယ်ဆို၊ တရုတ်ကုမ္ပဏီက ဒေါ်လာ ၆ သန်း နဲ့လိုက်လာတယ်။ ဒီလိုဆိုရင် ငါတို့ရင်းထားတာတွေရှုံးတော့မှာပဲ ဆိုပြီး လူတွေက ရင်းထားတဲ့ငွေတွေပြန်ထုတ်ကြတော့ စတော့ခ်တွေပြုတ်ကျတာပေါ့။ ဘီလီယံ တထောင်ကျော်ပြုတ်ကျမယ်။
အဲ့လိုအမေရိကန်ရှယ်ယာတွေ ပြုတ်ကျတာ Deepseek effect လို့ခေါ်ပါတယ်တဲ့။ တရုတ်က တကွက်ပြလိုက်တယ်ပေါ့။ Deepseek ပေါ်လာတာ ထရန့်ကြီးကတော့ရှုးရှုးရှားရှားဖြစ်တော့မှာပဲ။
ကမ္ဘာမှာ သိပ္ပံနည်းပညာပေါင်း ၆၄ ခု ခေါင်းစဉ်ခွဲထားတယ်။၂၀၀၃-၂၀၀၇ ကာလ အမေရိကန် နဲ့ တရုတ်ကြား နည်းပညာကွာဟမှု အလွန်ကြီးတယ်။ အမေရိကန်က သိပ္ပံနည်းပညာပေါင်း ၆၄ ခုမှာ ၆၀ က ထိပ်တန်းမှာရှိခဲ့တယ်၊ တရုတ်က ၃ ခုပဲ ထိပ်တန်းရောက်တယ်။ ၂၀၂၄ မှာ အမေရိကန်ဟာ နည်းပညာ ၇ ခုမှာပဲဦးဆောင်တော့တယ်။ တရုတ်က နည်းပညာပေါင်း ၅၇ ခုအထိ အမှီလိုက်လာခဲ့ပြီတဲ့။
Ai နဲ့ ပတ်သက်ရင် ထူးခြားတာတခုက ဒီမိုကရက်တစ်နိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံကထုတ်တဲ့ ChatGpt လို Ai ဟာ လူ့အခွင့်အရေး၊ ကျားမ မခွဲခြားရေး ဒီမိုကရေစီအရေးတွေကို အခြေခံစံနှုံးအဖြစ်ထားပြီး မေးခွန်းတွေပြန်ဖြေတယ်။ အခု တရုတ် Ai ကို ရှိကျင့်ဖျင်ဟာ ခေါင်းဆောင်ကောင်းဟုတ်၊ မဟုတ် မေးရင် မဖြေဘူး၊ တရုတ်ကွန်မြူနစ်ပါတီ ကောင်း မကောင်းမေးရင်မဖြေဘူးတဲ့။
လူတွေ အယူဝါဒ နယ်မြေ အာဏာရှိ အာဏာမဲ့ အစရှိတဲ့ကိစ္စတွေနဲ့ စစ်ပွဲတွေဖြစ်ပြီး အသက်ဆုံးရှုံးကြတာ ကမ္ဘာမှာ လူပေါင်း တဘီလီယံလောက် သက်တမ်းမတိုင်မှီ ဆုံးပါးခဲ့ကြပြီးပြီတဲ့။ ဆက်လည်းဖြစ်နေဆဲပဲ။
တရုတ် Ai ပေါ်လာတာ ကမ္ဘာကြီးမှာ ပြဿနာသစ်တွေ့ပြီလို့ယူဆကြတယ်။ ကွန်မြူနစ်ဝါဒ ကို အခြေခံတဲ့ Ai ရယ်၊ ဒီမိုကရေစီဝါဒကိုအခြေခံတဲ့ Ai ရယ် ဝါဒစွဲ Ai တွေ ပေါ်လာပြီဆိုတော့ လူချင်းလည်းချ၊ Ai အချင်းချင်းလည်း နပန်းဖက်လုံးကြမယ့် ခေတ်သစ်ရောက်လာပြီပေါ့။ Ai ဟာ အယူဝါဒနဲ့ ပြိုင်တဲ့ခေတ်ရောက်လာပြီ။ ကမ္ဘာမှာ နိုင်ငံတွေဟာ ကိုယ့်အစိုးရ၊ ကိုယ့်ငွေကြေး၊ ကိုယ့်စစ်တပ်၊ ကိုယ့်နယ်မြေအပိုင်းအခြားနဲ့ကိုယ် အုပ်ချုပ်ကြတယ်။ အခုလည်း သူများအယူဝါဒတွေနဲ့ ကိုယ့်ထဲစိမ့်မဝင်အောင် ကိုယ့် Ai ကိုယ် ထူထောင်ကြရမယ့်ခေတ်ဖြစ်လာပြီ လို့ဆိုတယ်။
ကိုယ့်ကငွေမတတ်နိုင်သေးလည်း နိုင်ငံတွေစုပြီး ဘက်မလိုက် Ai ထူထောင်ထားမှတော်ကာကျမယ်။ ဟိုဖက်က Ai နှစ်ကောင်ရန်ဖြစ်ရင် ကိုယ့်လက်ထဲက ဖုန်းမဟန်းသွားအောင်၊ အိမ်က ကွန်ပြူတာကြီး ထ မကွဲအောင် ကျောက်ခေတ်ပြန်ရောက်မသွားအောင် အလံဖြူထောင်ထားကြပေါ့။
