စင်ကာပူ အဝင် မြန်မာ ဘုန်းကြီးအချို့ လေဆိပ်ကနေ ပြန်လွှတ်ခံရတဲ့ ကိစ္စ
အခုရက်ပိုင်းလေးမှာ ဆရာတော်တပါးထံမှ အတိအကျ ကြားသိရသော အကြောင်းအရာအချို့ကို (ဆရာတော်က လူအများကိုသိစေချင်၍) ကျွန်တော် တင်ပြရေးသားပါမည်။ ဤကျွန်းလေးသို့ မြန်မာပြည်သား (အထူးသဖြင့် ဉီးဇင်းများ) ကြွရောက်ကြတဲ့အခါမှာ သတိထားနိုင်ရန် ရေးသားခြင်းဖြစ်ပါသည်။
ဇန်နဝါရီလ ၂၃ ရက်က စလုံး ကျောင်းတကျောင်းသို့ လာလည်သော ရန်ကုန်က ဦးဇင်းတစ်ပါး (ဘာ အရှုတ်အရှင်း ရာဇဝင်မှမရှိ၊ လေယာဉ်လက်မှတ် တလ အသွား အပြန်ရှိ၊ ရှိုးမန်းနီး ၅၀၀ ခန့်ရှိ) အား ချန်ဂီလေဆိပ်မှ လူဝင်မှုအရာရှိက မည်သည့်အကြောင်းပြချက်မှ မပေး၊ ဝင်ခွင့် မပေးဘဲ မြန်မာပြည် ပြန်ခိုင်းပါသည်။ ယခင်လာရောက် လည်ပတ်သည့်အခါတိုင်း တစုံတရာ ကိစ္စကြုံတဲ့အခါ အင်မီဂရေးရှင်းမှ ဖုန်းခေါ်လေ့ရှိတတ်သည့် ဤဦးဇင်းမှာ ဒီတခါမှာတော့ မြို့တွင်းနေ တည်းခိုမယ့် ကျောင်းသို့ ဖုန်း လုံးဝခေါ်ခွင့်မရတော့ဘဲ တခါတည်း ထိန်းသိမ်းမည့် ရုံးခန်းသို့ ခေါ်ဆောင်သွားခြင်းခံရသည်။
ညလေယာဉ် မရှိတော့၍ ညအိပ်ခိုင်းပြီး လက်ကိုင်ဖုန်းကိုလည်း ခနလေးသာ ရုံးခန်းအထဲရောက်မှ ပြောခွင့်ပေးကာ ပါလာသည့်အိတ်နှင့်အတူ သိမ်းလိုက်ကြသည်။ တခြားနိုင်ငံမှ လူ-မျိုး-ပေါင်းစုံနှင့်အတူ စောင်လေးတပိုင်း ခေါင်းအုံး အသေးတလုံးနှင့် တညလုံး လေဆိပ်လုံခြုံရေး ရဲများ စောင့်ကြပ်ထားပြီး နောက်နေ့မနက်တွင် ရဲများခြံရံကာ အမ်အေအိုင် လေယာဉ် ထွက်မည့် နေရာလေယာဉ်ပေါ်အထိ ခေါ်ဆောင် လွှဲအပ်ပြီး လေကြောင်းမှ ပုံစံစာရွက်တစ်ခုပေါ် လက်မှတ်ထိုးခိုင်းကာ အပြန်လက်မှတ်အတွက် စင်္ကာပူဒေါ်လာ ၇၀၀ ကျော်ရှင်းခိုင်းပါသည်။ သူဝယ်ထားသော အပြန်လက်မှတ်ကိုလည်း သုံးခွင့်မပြုပါ။
ဦးဇင်းမှာ အင်္ဂလိပ်စာ မရေလည်ပါ။ ရှင်းရန်ပိုက်ဆံလည်း အလုံ အလောက်မရှိ။ ထိုအခါ ရန်ကုန်လေဆိပ်တွင် မိတ်ဆွေတစ်ယောက်အား လာ၍ ငွေရှင်းစေပြီးမှ အပြင်ထွက်ရန်ခွင့်ပြုမည် ပြောသည်ဟု ဆိုပါသည်။ ထိုဦးဇင်းခမျာ အလွန်အမင်း စိတ်ဆင်းရဲစွာဖြင့် မြန်မာပြည်သို့ ပြန်ခဲ့ရပါသည်။ ထိုညတွင် ထိုဉီးဇင်းကဲ့သို့ပင် ထိန်းသိမ်းခံရပြီး မနက်၌ လေယာဉ်ခ ၈၀၀ ကျော်တောင်းခံရသော မြန်မာလူငယ် စုံတွဲကိုလည်း တွေ့ခဲ့သည်ဟု ဆိုပါသည်။
အမ်အေအိုင် လေကြောင်းလိုင်းမှ အငြိမ်းစားယူသွားသော ကျွန်တော်၏ မိတ်ဆွေတစ်ယောက်ကို မေးကြည့်ရာ ထို စလုံးဒေါ်လာ ၇၀၀ ကျော်မှာ လုံခြုံရေးရဲများစောင့်ကြပ်ခ တစ်နာရီ အမေရိကန်ဒေါ်လာ ၂၅ ခန့် တညလုံးစာ ပါဝင်ကြောင်း၊ ပေးခဲ့ရ သောလေယာဉ်ခ (၄၀၀ ကျော်ခန့်) ကို ရန်ကုန်ရုံး (IBC အဆောက်အဦးတွင်) မှာ ပြန် claim နိုင်ကြောင်း ဆိုပါသည်။
နောက်ဖြစ်ရပ်က စင်ကာပူတွင် တလနီးပါးနေပြီး ရန်ကုန် ပြန်သော ဦးဇင်းတပါး။ လေဆိပ်တွင် PP ကို scan ရာ ပထမတံခါးပွင့်ပြီး ဒုတိယတံခါးမပွင့်။ ထိုအခါ လူဝင်မှုအရာရှိ ရောက်လာပြီး သူ့အား ရုံးခန်းသို့ ခေါ်ဆောင်၍ ဘာကြောင့် တစ်လ နေရသနည်း။ ဘာလှုပ် ရှားမှုများရှိခဲ့သနည်း။ စင်ကာပူ လာလည်တာ ရက်ပိုင်းဆိုရပြီဟုလည်း မေးမြန်းပြောဆိုပြီးမှ ဖုန်းကိုပါဖွင့်စစ်၍ နာရီဝက်ခန့်အထိ စစ်ဆေးမေးမြန်ပြီးမှ လွှတ်ပေးလိုက်သည်ဟု သိရပါသည်။
တတိယ ဖြစ်ရပ်ကတော့မနေ့က ဇန်နဝါရီလ၂၆ ရက် ယမန်နေ့ ညနေပိုင်းတွင် စင်ကာပူသို့ ထိုင်းမှ ဆေ-းကုသပြီး လာလည်သူ ဦးဇင်းနှင့် အဖော်ဒကာတို့ လေဆိပ်သို့ ရောက်ရှိလာ။ အဖော်ဒကာမှာ scanning machine မှတဆင့် ရှောရှောရှုရှု အထဲရောက်လာသော်လည်း ဦးဇင်းမှာ ပထမတံခါးပွင့်ပြီး ဒုတိယတံခါး မပွင့်။ အနားကို လူဝင်မှုအရာရှိရောက်လာပြီး ဦးဇင်း တည်းမည့်နေရာက လူခံအား ဖုန်းဆက်သော်လည်း မကိုင်။ ထိုအခါ ဝင်ခွင့်မပေးတော့ဘဲ ပထမဆုံး ဦးဇင်းကဲ့သို့ ပြန်လွှတ်မလို့ လုပ်နေစဉ် နောက်ထပ် (သဘောထားပျော့ပြောင်းသော) အရာရှိရောက်လာပြီး လေယာဉ် လက်မှတ်ကိုကြည့်ကာ ၅ ရက် လက်မှတ်ဖြစ်နေ၍ ဝင်ခွင့်ပြုလိုက်ကြောင်း သိရပါသည်။ ဦးဇင်းအား ဖုန်းပြန်ပေးသောအခါတွင်လည်း ဓာတ်ပုံရိုက်၍ မရအောင် ကင်မရာကို ပိတ်ထားကြောင်းတွေ့ရသည်ဟု ဆိုပါသည်။
ဖြစ်နိုင်သောအကြောင်းရင်းများကို စဉ်းစားသောအခါ မြန်ပြည်ဘက်က တခုခုအကြောင်းကြားထားလို့လား။ (ဒါလည်း ဖြစ်နိုင်ခြေ နည်းပါသည်) သို့မဟုတ် အင်္ဂလိပ်စာ လည်ဝယ်လွန်းသော အခြားနိုင်ငံက သံဃာများ လေဆိပ်မှာ မချေမငံ ပြောဆိုခဲ့ဖူးသောကြောင့် ဦးဇင်းများကို ညှိုးသည်လား (ဒါလည်း ဒီနိုင်ငံက ယေဘုယျ mindset အရ မဖြစ်နိုင်)။ လားပေါင်းများစွာ ဖြစ်နေပါသည်။
မည်သို့ပင်ဖြစ်စေ အတိအကျသိရသော ဤဖြစ်ရပ်သုံးခုနှင့် မိမိတို့ မသိသော အခြားဖြစ်နိုင်သော ဖြစ်ရပ်များအရ စလုံးကို လာလည်မည့်သူများ (ဦးဇင်းများ) လေယာဉ်လက်မှတ် (သွား/ပြန်) ရှိုးမန်းနီး စလုံးလူခံ၏ ဖုန်း၊ အင်္ဂလိပ်စကားပြောမှအစ အစစသတိထား ပြင်ဆင်လာနိုင်ကြစေရန် တင်ပြရခြင်းဖြစ်ပါသည်။
(နောက်တိုး။ ဒါကတော့ ဤရက်ပိုင်းအတွင်း ရန်ကုန်လေဆိပ်ဘက်က သတင်းပါ။ စလုံးရှိ ခင်ပွန်းများထံ သွားလည်မည့် အမျိုးသမီး ၂ ဦးအား စလုံးရှိ ဟိုတယ်ဘွတ်ကင် ပြခိုင်း။ ခင်ပွန်းများထံ သွားမှာမို့ မရှိကြောင်းပြောလည်းမရသဖြင့် ကပျားကယာ ဟိုတယ်ဘွတ်ကင်လုပ်လိုက်ရသည်မှာ ၂ ဦးပေါင်း စလုံးဒေါ်လာ ၁၀၀၀ ကျော်ကုန်သွား။ အပိုဆောင်းကျပ် ၂ သိန်းပေးခဲ့ရ။ စလုံးအဝင်မှာတော့ ဘာ ပြဿနာမှမရှိဟု သိရပါကြောင်း)
