လက်စတာအတွက် ဂိုးသွင်းပြီးနောက် ဗာဒီက စပါးပရိသတ်တွေကို မေးခွန်းထုတ်ခဲ့တာပါ။ ပရီးမီးယားလိဂ်လိုဂိုကို လက်နဲ့ထိုးပြပြီး မင်းတို့အသင်းရဖူးလားလို့ လုပ်သွားတာပါ။ အသင်းရှုံးလို့ ညစ်နေရတဲ့ စပါးပရိသတ်တွေ ဗာဒီကြောင့် ပိုပြီးတော့ ခံပြင်းသွားခဲ့ရပါတယ်။ ဘာမှလည်း ပြန်မပြောနိုင်ခဲ့ပါဘူး။
အရင်လည်း ဗာဒီက စပါးပရိသတ်တွေကို ဒါမျိုးလုပ်ခဲ့ဖူးပါတယ်။ အခုက ဒုတိယအကြိမ်ပါ။ ဖလားအောင်မြင်မှုကြီးကြီးမားမားမရဖူးတဲ့ စပါးအတွက် ခံပြင်းစရာမြင်ကွင်းပါပဲ။ ဒီပွဲကို အနိုင်ရခဲ့လို့ လက်စတာကတော့ တန်းဆင်းဇုန်ကလွတ်ခဲ့ကာ စပါးက အဆင့် ၁၅ မှာရှိနေပြီး တန်းဆင်းဇုန်နဲ့ ၈ မှတ်သာကွာပါတော့တယ်။
တန်းဆင်းဇုန်ထဲက လက်စတာကို အိမ်ကွင်းမှာပဲ စပါးတို့ရှုံးခဲ့ရပြန်ပါတယ်။ ဆက်တိုက်ကို အရေးနိမ့်နေတာဖြစ်ပြီး နည်းပြကြီး အန်ဂီလည်း အသံတောင်မထွက်နိုင်တော့တာပါ။ ပွဲပြီးတော့ စပါးပရိသတ်တွေက စင်ပေါ်ကနေ "ခင်ဗျားနဲ့အတူ အသင်းက ဇောက်ထိုးကြီးကို ဆင်းနေပြီ" လို့ အော်ပြောခံရလို့ ဒေါသထွက်ခဲ့ရပါသေးတယ်။
