ဘီလာရုစ်သမ္မတ လူကာရှန်ကို ခုနှစ်ကြိမ်မြောက် သမ္မတသက်တမ်းအတွက် အနိုင်ရဖို့ သေချာနေ
မင့်စ်၊ ဇန်နဝါရီ ၂၇
ဘီလာရုစ်ကို နှစ်ပေါင်း ၃၀ ကျော်ကြာ အုပ်ချုပ်လာတဲ့ သမ္မတလူကာရှန်ကိုဟာ မနေ့ကကျင်းပတဲ့ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိနေပြီး ခုနှစ်ကြိမ်မြောက် သမ္မတသက်တမ်းကို ထမ်းဆောင်ဖို့ သေချာသလောက်ရှိနေပြီလို့ ထွက်ပေါ်လာတဲ့ ရွေးကောက်ပွဲ စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
လူကာရှန်ကိုဟာ ထောက်ခံမဲ ၈၈ ရာခိုင်နှုန်းနီးပါးရရှိထားတယ်လို့ နိုင်ငံပိုင်း ရုပ်မြင်သံကြားက ထုတ်ပြန်ပါတယ်။ ဘီလာရုစ်အစိုးရဟာ လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို ဖိနှိပ်ပြီး အတိုက်အခံတွေကို ဖမ်းဆီးထောင်ချခြင်းတွေနဲ့အတူ ပြည်ပထွက်ပြေးရသူတွေရှိတာကြောင့် ရွေးကောက်ပွဲဟာ လွတ်လပ်မျှတမှုမရှိဘူးလို့ ဥရောပနိုင်ငံတွေက ဝေဖန်နေပါတယ်။
ဘီလာရုစ်ပြည်သူတွေဟာ ရွေးချယ်စရာမရှိတော့ဘဲ လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို တောင့်တတဲ့လူတွေအတွက် ခါးသီးတဲ့နေ့လို့ ဂျာမနီနို်ငငံခြားရေးဝန်ကြီးက ပြောပါတယ်။ ရွေးကောက်ပွဲမှာ မဲပေးသူ ၈၅ ဒဿမ ၇ ရာခိုင်နှုန်းဖြစ်ပြီး မဲပေးခွင့်ရှိသူ ၆ ဒသမ ၉ သန်းရှိခဲ့တယ်လို့ ဘီလာရုစ်တာဝန်ရှိသူတွေက ပြောပါတယ်။
ပိုလန်နဲ့ အခြားဥရောပအရှေ့ပိုင်းနိုင်ငံတချို့မှာတော့ ရွေးကောက်ပွဲအပေါ် ဆန့်ကျင်ဆန္ဒပြမှုတွေ မနေ့က ဖြစ်ပွားခဲ့ပါတယ်။ လူကာရှန်ကိုကတော့ ဝေဖန်မှုတွေဟာ အဓိပ္ပါယ်မရှိဘူးလို့ ဆိုထားပြီး အနောက်နိုင်ငံတွေ အသိအမှတ်ပြုတာ၊ မပြုတာ ဂရုမစိုက်ဘူးလို့ ပြောဆိုထားပါတယ်။
လူကာရှန်ကိုဟာ ရုရှားသမ္မတပူတင်ရဲ့ အနီးကပ်မဟာမိတ်ဖြစ်ပြီး ယူကရိန်းစစ်ပွဲကို ထောက်ခံခဲ့ကာ နောက်ပိုင်းမှာတော့ ဘီလာရုစ်မှာ နည်းဗျူဟာမြောက် နျူကလီးယားလက်နက်တွေ ထားရှိခွင့်ပေးတာအပါအဝင် နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ခဲ့ပါတယ်။
Ref:Reuters
Photo:Reuters
#သတင်းဟင်းလေးအိုးကြီး



