14 ပတ် - ဘာသာပြန်ပါ။

အောင်မြတ်သာနှင့်လက်ခမောင်းဘကျော်
++++++++++++++++++++++++++++++
အောင်မြတ်သာလည်း သက်ခိုင်တို့နဲ့ချိန်းထားတဲ့ အချိန်က ပြည့်တော့မှာမို့လို့ မုဆိုးထိုင်စေတီရှိရာကို ပြန်ထွက်လာခဲ့လိုက်တယ်။
ခြေဖဝါးသုံးတောင်ကိုဆုံးမယ့်အချိန်မှာ သက်ခိုင်တို့ကိုမခေါ်ခဲ့တာကလည်း စဉ်းစားစရာအကြောင်းအရာတစ်ခုဖြစ်နေခဲ့တယ်။
ခရီးဆက်လာရင်း တစ်နေရာရောက်မှာတော့ လူတွေဝိုင်းအုံနေတဲ့နေရာတစ်ခုကိုမြင်လိုက်ရတယ်။ အောင်မြတ်သာလည်း မိမိဦးတည်ရာကိုသာ သွားဖို့ဆုံးဖြတ်ရင်း ဆက်လျောက်လာခဲ့ရာ လူအုပ်ကြီးအကျော်ကိုလဲရောက်ရော အနောက်ကနေ တစ်စုံတစ်ယောက်က လွယ်အိတ်ကို လှမ်းဆွဲလိုက်သလိုဖြစ်လို့ လှည့်ကြည့်လိုက်ရာ ဆံပင်စုတ်ဖွားနဲ့အမယ်အိုတစ်ယောက်ကိုတွေ့လိုက်ရတယ်။
အမယ်အိုကိုမြင်တော့ အောင်မြတ်သာက
" ကျုပ်လွယ်အိတ်ကို ဘာကြောင့်မို့ဆွဲထားရတာလဲ"
"ဆရာလေးဒီအတိုင်းတော့ ထွက်မသွားပါနဲ့ဦး ဒီနေရာမှာဖြစ်နေတဲ့အခက်အခဲလေးတွေကို ကူညီဖြေရှင်းပေးသွားလို့ တောင်းဆိုချင်ပါတယ်"
"ဒီနေရာမှာက ဘယ်လိုအခက်အခဲတွေဖြစ်နေလို့လဲ"
" အရင်က ဒီရွာမှာ အခုလိုအဖြစ်တွေမကြုံခဲ့ဘူး လွန်ခဲ့တဲ့သုံးလလောက်မှာ ဟိုဘက်ရွာကို ကျောင်းထိုင်ဘုန်းကြီးတစ်ပါး အသစ်ပြောင်းလာတယ် အသစ်ရောက်လာတဲ့ဘုန်းကြီးက မနက်တိုင်း ညတိုင်း ပဌာန်းအကျယ်ကို အသံချဲ့စက်ကြီးနဲ့ရွတ်ဖတ်ပါတယ် ဒါက ကောင်းတဲ့အလုပ်ဖြစ်ပေမယ့် ဘုန်းကြီးကျောင်းထဲမှာရှိတဲ့ နာနာဘာဝတွေအတွက်တော့ မကောင်းဘူးပေါ့ ကျောင်းထိုင်ဘုန်းကြီးရဲ့သီလသိက္ခာသမာဓိကလည်း ကောင်းနေတော့ ကျောင်းဝင်းထဲမှာ ဘယ်နာနာဘာဝမှမနေရဲတော့ပဲ နီးစပ်ရာ ရွာတွေထဲ ဝင်လာကြတယ် ရွာတော်ရှင်တွေက တစ်ချို့ နာနာဘာဝတွေကို မောင်းထုတ်လို့ရပေမယ့် နှစ်ကြာနေတဲ့ နာနာဘာဝတွေကိုတော့ မောင်းထုတ်လို့မနိုင်ခဲ့ဘူး ခုနက လူအုပ်ကြီးကိုဆရာလေးမြင်ခဲ့တယ်မလား အဲဒါက နာနာဘာဝတွေဝင်ပူးပြီး အစာရေစာတောင်းနေတာ"
" အမယ်ကြီးက ဒီရွာရဲ့ဘယ်နားမှာနေတာလဲ"
"ကျွန်မက ခုနက ဆရာလေးဝင်လာတဲ့ ရွာထိပ်မှာ နေတာပါ ရွာကလူတွေကတော့ အဖွားစိမ်းလို့ခေါ်ကြတယ် "
" အမယ်ကြီးကရော သူတို့ကိုမကူညီနိုင်ဘူးလား"
"အခုဖြစ်နေတာတွေအားလုံးကို ကူညီနိုင်တဲ့အစွမ်းမရှိသေးပါဘူး ကျွန်မကသာမန်အဆင့်လောက်ရှိတဲ့ နာနာဘာဝတွေကိုပဲ မောင်းထုတ်နိုင်တာပါ"
" ကျုပ်နားလည်ပြီ ခရီးဆက်စရာရှိနေပေမယ့်လည်း ဒီရွာရဲ့အခက်အခဲတွေကို အတတ်နိုင်ဆုံး ကူညီခဲ့ပါမယ် အမယ်ကြီးလည်း ကိုယ့်နေရာ ကိုယ်ပြန်လိုက်ပါဦး လိုအပ်ရင် အမယ်ကြီးဆီကျုပ်ထပ်လာခဲ့ပါမယ်"
"ကျေးဇူးတင်လိုက်တာဆရာလေးရယ် ကျွန်မတတ်နိုင်သလောက်ကူညီပါ့မယ် "
အောင်မြတ်သာလည်း အရှေ့ကိုဆက်မယ့် ခြေလှမ်းတွေကို ပြန်ရုပ်ပြီး လူအုပ်နားကို မယောင်မလည်ပြန်လာခဲ့လိုက်တယ်။
" အမဲသားစားချင်တယ် နှမ်းမုန့်လဲစားချင်တယ် ငါ့ကိုဒီညမကျေွးလို့ကတော့ နင်တို့တစ်ရွာလုံးဒုက္ခရောက်အောင် လုပ်ပစ်မယ် ဟင်းဟင်း "
"ကျေွး ကျေွးပါ့မယ် ကတိပေးပါတယ် အခုဝင်ပူးနေတဲ့လူဆီကနေ ခွာပေးပါ ညနေစောင်းတာနဲ့ ငှက်ပျောဖက်နဲ့ အသားရော အချိုမုန့်တွေလာကျေွးပါ့မယ် "
"ဟင်းဟင်း ငါမထွက်နိုင်ဘူး ငါ့ကိုကျေွးတဲ့အချိန်မှထွက်မယ် ငါဒီမှာပဲနေမယ်"
" စိန်မောင် ဒီအချိန်အမဲသားဘယ်ရွာမှာရနိုင်လဲ ရတဲ့နေရာက ရှာဝယ်ခဲ့ကွာ အချိုမုန့်တွေလည်း ရှာဝယ်ခဲ့ မြန်မြန်သွား ဒီလိုဝင်ပူးတာကြာရင် ဝင်ပူးခံရသူရဲ့အသက်ကိုစိုးရိမ်ရတယ် "
" ဝယ်စရာမလိုဘူး ဘာမှလဲကျေွးစရာမလိုဘူး ကျုပ်တာဝန်ယူတယ် ဝင်ပူးခံရတဲ့သူလည်း ဘာမှမဖြစ်စေရဘူး" ဆိုတဲ့အသံက လူအုပ်ကြီးရဲ့ အနောက်ကနေ ထွက်လာခဲ့တယ်။
" ခင်ဗျားက ပယောဂကုတတ်လား ကျုပ်တို့ကို ကယ်ပါဦးဗျာ ကျုပ်သားလေးဒုက္ခရောက်တော့မယ်"
" အနည်းအကျဉ်းတော့ရပါတယ် စိတ်လဲသိပ်မပူကြပါနဲ့ "
အောင်မြတ်သာလည်း ဝင်ပူးနေတဲ့သူရဲ့ မျက်လုံးတည့်တည့်ကိုစိုက်ကြည့်လိုက်တော့ ဝင်ပူးခံနေသူရဲ့ ပုံသဏ္ဍာန်ပျောက်ပြီးဝင်ပူးနေသူရဲ့ ရုပ်အမှန်ပေါ်လာခဲ့တယ်။
" ခြောက်စားလှန့်စားနေတဲ့ကောင် ငါ့ကိုမော့ကြည့်စမ်း"
အောင်မြတ်သာရဲ့ ဩဇာအပြည့်နဲ့စကားသံကိုကြားတော့ ဝင်ပူးနေတဲ့သူက
" မင်းဘယ်သူလဲ မင်းကိုဘယ်သူလွှတ်လိုက်တာလဲ ငါကိုမကျေွးရင် ဒီကလေးကိုသတ်ပစ်မှာနော် "
" မင်းမှာအဲလောက် အစွမ်းအစမရှိပါဘူး အခုပြန်ထွက်မလား မီးမြိုက်ခံပြီးမှထွက်မလား"
အောင်မြတ်သာရဲ့ ပြတ်သားလှတဲ့စကားကိုကြားတော့ ဝင်ပူးနေတဲ့သူက ငြိမ်ကျသွားတယ်။ ပြီးတော့မှ
" စားရခါနီးမှ အဖျက်ကဝင်လာတယ် နင့်ပညာတွေကိုမယှဉ်နိုင်လို့ အလျော့ပေးလိုက်မယ် ငါမစားတော့ဘူး သွားတော့မယ် " လို့ပြောပြီး ဝင်ပူးနေတဲ့ကိုယ်ကခွာလိုက်တဲ့အချိန် ဘယ်ကရောက်ဘာမှန်းမသိတဲ့ ကြိုးအနီတစ်ချောင်းက ဝင်ပူးနေတဲ့သူကို ရစ်ပတ်ပြီး ဘေးမှာရှိတဲ့ သရက်ပင်အောက်ကိုဒရွတ်တိုက်ဆွဲသွားတယ်။ ဒီအဖြစ်အပျက်တွေကို ရွာသားတွေမမြင်ရပေမယ့် မြင်ရတဲ့သူတစ်ယောက်ကရှိနေခဲ့တယ်။

image