တိပိဋကဓရ တိပိဋကကောဝိဒ သာသနာ့အာဇာနည်ဆရာတော်တစ်ပါး ထပ်မံပေါ်ထွန်း
၃၃ရက်ကြာ ကျင်းပပြီးစီးခဲ့တဲ့ (၇၇)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးကနေ တိပိဋကဓရ တိပိဋကကောဝိဒ သာနာ့အာဇာနည် ဆရာတော်တစ်ပါးတစ်ပါး ထပ်မံပေါ်ထွန်းလာတယ်လို့ သာသနာရေးဦးစီးဌာနကနေသိရပါတယ်။
အခုပေါ်ထွန်းလာတဲ့ သာသနာ့အာဇာနည် ဆရာတော်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ တိပိဋကမဟာဂန္ထဝင်နိကာယ်ကျောင်းတိုက်မှာ သတင်းသုံးတော်မူတဲ့ အရှင်သေဋ္ဌဉာဏာလင်္ကာရ ဖြစ်တယ်လို့ဆိုပါတယ်။
ဆရာတော်ဟာ သက်တော်၄၅နှစ်၊ သိက္ခာတော်၂၃ဝါရှိပြီဖြစ်တယ်လို့လည်း သိရပါတယ်။
တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးမှာ ဝိနယပိဋက ဝိနည်းပထမပိုင်းနှစ်ကျမ်း၊ ဝိနယပိဋက ဝိနည်းဒုတိယပိုင်းသုံးကျမ်း၊ သုတ္တန္တပိဋက ဒီဃနိကာယ်သုံးကျမ်း၊ အဘိဓမ္မပိဋက အဘိဓမ္မာပထမပိုင်းငါးကျမ်းနဲ့ အဘိဓမ္မပိဋက အဘိဓမ္မာဒုတိယပိုင်းနှစ်ကျမ်းတို့ကို တိပိဋကဘွဲ့အတွက် အာဂုံပြန်ဆိုရပြီး တိပိဋကကောဝိဒဘွဲ့အတွက် သဘောရေးဖြေစာမေးပွဲ ဖြေဆိုရတယ်လို့ သိရပါတယ်။
၇၇ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲကြီးပြီးတဲ့အချိန်ထိ တိပိဋကဓရ တိပိဋကကောဝိဒ သာသနာ့အာဇာနည်၁၇ပါး ပေါ်ထွန်းခဲ့ပြီဖြစ်ပြီး ပထမဆုံးတိပိဋကဓရ တိပိဋကကောဝိဒဆရာတော်ကတော့ မင်းကွန်းဆရာတော်ဘုရားကြီးဖြစ်တယ်လို့ သိရပါတယ်။
