သီပေါမှာ လက်ပစ်ဗုံးယူလာပြီး ကိုင်ကြည့်ရာကနေ ပေါက်ကွဲလို့ နှစ်ယောက်သေ

ဇန်နဝါရီ ၂၆

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ ကုံးစုံကျေးရွာမှာ မနေ့က ဇန်နဝါရီ ၂၅ ရက်နေ့မှာ မပေါက်ကွဲသေးတဲ့ဗုံးကို နေအိမ်ကိုယူလာရာကနေ ပေါက်ကွဲပြီး အမျိုးသားနှစ်ယောက်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

"မနေ့ကမနက်(၉)နာရီလောက်မှာ ဖြစ်တာပါ။လမ်းမှာတွေ့တဲ့ မပေါက်ကွဲသေးတဲ့စစ်လက်နက်ပစ္စည်းကို ယူလာပြီး ကိုင်ရာကနေ ပေါက်ကွဲပြီးရွာသားနှစ်ယောက် သေဆုံးခဲ့တယ်။ လက်ပစ်ဗုံးတို့၊လက်နက်ကြီးအစတို့တွေ့ရင် မကောက်ကြဖို့အချင်းချင်းတွေသတိပေးပေမယ့်လည်း ရွာဘက်ကလူတွေက တွေ့ရင်ကောက်ယူပြီးကြည့်ကြတော့ ခုလိုပေါက်ကွဲပြီးအသက်ဆုံးတဲ့အထိဖြစ်ရတယ်။ " လို့ ဒေသခံကပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့်သေဆုံးသူတွေက အသက်၃၀ ဝန်းကျင်အရွယ်တွေဖြစ်ပြီး ရုပ်အလောင်းတွေကိုတော့သီပေါဆေးရုံကိုပို့ဆောင်ထားတယ်လို့သိရပါတယ်။

ဇန်နဝါရီလ ၂၂ရက်ကလည်း သီပေါမြို့နယ်၊ မန်ကောင်းရွာမှာ အသက်၃၀ ကျော်အရွယ်အမျိုးသားတယောက်လည်း မိုင်းနင်းမိပြီး လက်နှစ်ဖက်နဲ့ခြေထောက်ပြတ်ထွက်ကာထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဇန်နဝါရီလ ၇ ရက်ကလည်း သီပေါမြို့နယ် စံဖိတ်ကျေးရွာမှာအမျိုးသားတယောက် သူရဲ့ ခြံအတွင်းမြက်ရှင်းနေချိန် မိုင်းနင်းမိပြီး ခြေထောက်တဖက်ပြတ်ထွက်ကာ ဆုံးရှုံးသွားခဲ့ရတယ်လို့သိရပါတယ်။

ရှမ်းပြည်နယ် အပါအဝင် မြန်မာနိုင်ငံ တဝှမ်းမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး မြေမြှုပ်မိုင်းတွေနဲ့ တိုက်ပွဲကာလအတွင်းမပေါက်ကွဲသေးတဲ့လက်နက်အကြွင်းအကျန်တွေ ရှိနေပေမယ့် နစကအပါအဝင် ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေက မိုင်းအန္တရာယ်ကင်းရှင်းရေး၊မိုင်းပပျောက်ရေးကို ထိရောက်စွာလုပ်ကိုင်နိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။

" ခုထိမိုင်းအန္တာရယ်နဲ့ပတ်သက်လို့ဘယ်အဖွဲ့ကမှထိထိရောက်ရောက်လုပ်တာမတွေ့ရဘူး။တိုက်ပွဲတွေသာဖော်နေကြတာပါ။ တိုက်ပွဲတွေပြီးသွားရင် မိုင်းရှင်းလင်းရေးတွေမလုပ်ကြတော့ အသိပညာသိပ်မရှိတဲ့ပြည်သူတွေနဲ့တောထဲကို စားဝတ်နေရေးအတွက် ရှာဖွေထွက်ရတဲ့ဒေသခံတွေမှာ မိုင်းနင်းမိလို့သေတာဒဏ်ရာရတာတွေဖြစ်နေရတယ်။မပေါက်ကွဲသေးတဲ့မိုင်းတွေ့ရင် မထိမတွေ့မကိုင်ဖို့ပြောပေမယ့်လည်း စူးစမ်းချင်းစိတ်နဲ့ကိုင်ကြတော့ ပေါက်ကွဲပြီးသေကြပြန်တယ်။အသိပညာ တွေပေးဖို့လိုနေသေးတယ်။" လို့ ရှမ်းပြည်နယ်အခြေစိုက် လူမှုကူညီရေး အသင်းဝင်ကသုံးသပ်ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၄ ဇန်နဝါရီကနေ စက်တင်ဘာလအထိ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပေါက်ကွဲမှု ၅၃၇ ခုရှိခဲ့ပြီး လူပေါင်း ၁၃၀ သေဆုံးပြီး ၇၅၉ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ နိုဝင်ဘာလ ၂၁ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲဒီထဲမှာ ရှမ်းပြည်နယ်က မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၂၂ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၁၉၉ ဦးနဲ့ အများဆုံးဖြစ်ခဲ့တယ်လို့သိရပါတယ်။

Photo - နယ်စည်းမခြားပရဟိတ

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image