အာဆီယံကိုမသိခဲ့သူ_ကန်ကာကွယ်ရေးဝန်ကြီးဖြစ်ပြီ
-------------------------
လွှတ်တော်ကြားနာပွဲတုန်းက အာဆီယံအကြောင်း မေးတာကို အထင်ကရအဖွဲ့ဝင်တစ်နိုင်ငံလောက် နာမည်တောင် မပြောနိုင်ဘဲ အရှေ့အာရှနိုင်ငံတွေနဲ့ ရောထွေးဖြေလို့ နာမည်ကြီးခဲ့တဲ့ ပိ ဟက်ဆက်တော့ အမေရိကန်ကာကွယ်ရေးဝန်ကြီး ဖြစ်သွားပါပြီ။
ဟက်ဆက်ဟာ ဗဟုသုတ နည်းပါးတဲ့အပြင် သူပါဝင်ခဲ့တဲ့ စစ်မှုထမ်းဟောင်း ပရဟိတအဖွဲ့တွေအားလုံးကလည်း သူ့ကို မထောက်ခဲ့သလို လိင်ပိုင်းမတော်တရော်ပြုမှု၊ အရက်အလွန်အကျွံသောက်သုံးမှုနဲ့ ငွေကြေးစီမံမှုမှားယွင်းမှု စွပ်စွဲချက်တွေနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။
ဆီးနိတ်လွှတ်တော်မှာ ရီပတ်ဘလီကန်နာမည်ကြီးတွေကပါ ဟက်ဆက်ကို ကန့်ကွက်မဲပေးလို့ မဲ ၅၀-၅၀ ဖြစ်နေချိန်မှာ ဆီးနိတ်ကို ဥက္ကဌအဖြစ် ကြီးကြပ်ရတဲ့ ဒုသမ္မတ ဂျေဒီဗန့်စ်က ၁ မဲ ပေးလိုက်လို့ အတည်ဖြစ်သွားတာပါ။
ရီပတ်ဘလီကန် ခေါင်းဆောင်ဟောင်း မစ်ချ် မက်ကောနဲလ်နဲ့ ရီပတ်ဘလီကန်အမတ်တွေဖြစ်တဲ့ အလာစကာက လီဆာ မာကောစကီးနဲ့ မိန်းပြည်နယ်က ဆူဆန်ကောလင်းတို့က ဟက်ဆက်ကို ကန့်ကွက်မဲ ပေးခဲ့ပါတယ်။ ရီပတ်ဘလီကန်က ဖြစ်ပေမယ့် ထရမ့်ရွေးထားတဲ့ ဟက်ဆက်ဟာ ကာကွယ်ရေးဌာနကို ဦးဆောင်ဖို့ အရည်အချင်းမပြည့်မီဘူးဆိုပြီး ကန့်ကွက်ခဲ့ကြတာပါ။
စစ်မှုထမ်း အရာရှိဟောင်းတစ်ဦး ဖြစ်ပေမယ့် အမှုဆောင်အဆင့် စီမံမှုအတွေ့အကြုံမရှိလို့ ရီပတ်ဘလီကန်တွေကိုယ်တိုင် ထရမ့်ရဲ့ ရွေးချယ်မှုကို စိတ်ပျက်ခဲ့ကြတာပါ။
အထက်လွှတ်တော် ဒီမိုကရက် လူနည်းစုခေါင်းဆောင် ချပ်ရှူးမားကတော့ ဟက်ဆက်ဟာ "မျက်မှောက်ခေတ်မှာ မိမိတို့ အဆိုးဆုံး အရည်အချင်းမပြည့်မီဘဲ သင့်လျော်မှုမရှိတဲ့ ကက်ဘိနက်အဖွဲ့ဝင်အဖြစ် အမည်စာရင်းဝင်တစ်ဦး" လို့ ပြောဆိုခဲ့ပါတယ်။ ဒီလိုလူကို ကာကွယ်ရေးဝန်ကြီးအဖြစ် အတည်ပြုချက်ဟာ ရီပတ်ဘလီကန်အများစုရဲ့ ယုံကြည်စိတ်ချရမှုကို အန္တရာယ် ဖြစ်စေတယ်လို့လည်း သတိပေးခဲ့ပါတယ်။
