အသင်းကြီးတွေရဲ့ပစ်မှတ် ဒူရန်ကို ဗီလာပြောင်းရွှေ့ကြေး သတ်မှတ်

ဇန်နဝါရီ ၂၆

အက်စတွန်ဗီလာအသင်းဟာ အသင်းကြီးတွေရဲ့ ပစ်မှတ်ဖြစ်နေတဲ့ ကိုလံဘီယာတိုက်စစ်မှူး ဒူရန်ကို ပြောင်းရွှေ့ကြေး သတ်မှတ်ခဲ့တယ်လို့ ဗြိတိန်မီဒီယာ အများအပြားက ဖော်ပြခဲ့ပါတယ်။

အသက် ၂၁ နှစ်အရွယ်ရှိ ဒူရန်ဟာ ဒီရာသီမှာ အက်စတွန်ဗီလာအသင်းအတွက် ခြေစွမ်းပြသနေတာကြောင့် အခုအပြောင်းအရွှေ့မှာ သူ့ကိုခေါ်ယူနိုင်ဖို့ ဝက်စ်ဟမ်း၊ ပီအက်စ်ဂျီနဲ့ အယ်လ်နာဆာအသင်းတို့က စိတ်ဝင်စား နေတာပါ။

ဝက်စ်ဟမ်းအသင်းဟာ ဒူရမ်ကို ခေါ်ယူနိုင်ဖို့ ပေါင် ၅၇ သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့တာကို အက်စတွန်ဗီလာ အသင်းက ပယ်ချထားပါတယ်။

အယ်လ်နာဆာအသင်းဟာ အသင်းခေါင်းဆောင် ရော်နယ်ဒိုရဲ့နေရာမှာ ရေရှည်အစားထိုးဖို့အတွက် ဒူရန်ကို ခေါ်ယူဖို့ ဆန္ဒရှိနေတာပါ။

ပရီးမီးယားလိဂ် ထိပ်သီးတွေဖြစ်တဲ့ ချယ်လ်ဆီးနဲ့ အာဆင်နယ်အသင်းတို့ကလည်း ဒူရန်ကို ခေါ်ယူနိုင်ဖို့ စောင့်ကြည့်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

အက်စတွန်ဗီလာအသင်းကတော့ ဒူရန်ကို ဆက်ပြီး ထိန်းထားချင်နေပေမယ့် ရောင်းချရမယ်ဆိုရင်လည်း အနည်းဆုံး ပေါင် ၈၅ သန်း လိုချင်နေတယ်လို့ talkSPORT က ဖော်ပြထားခဲ့တာပါ။

ဒူရန်ဟာ အက်စတွန်ဗီလာအသင်းမှာ ဒုတိယဦးစားပေး တိုက်စစ်မှူး ဖြစ်ပေမယ့် ဒီရာသီအသင်းဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာရှိနေပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကို ထပ်ပြီးယှဉ်ပြိုင်နိုင်ဖို့ နည်းပြအူနှိုင်းအမ်မရီက သူ့ကို မဆုံးရှုံးချင်ဘူးလို့ သိရပါတယ်။

ဒူရန်ဟာ ဒီရာသီမှာ အက်စတွန်ဗီလာအသင်းအတွက် ပြိုင်ပွဲစုံ ၂၈ ပွဲ ပါဝင်ကစားထားပေမယ့် ၇ ပွဲသာ ပွဲထွက် လူစာရင်းပါဝင်ခဲ့ရပြီး ၁၂ ဂိုး သွင်းယူထားကာ ပျှမ်းမျှ ၈၅ မိနစ်တိုင်း ဂိုးသွင်းယူထားနိုင်တာပါ။

လွန်ခဲ့တဲ့ ၂ နှစ်က မေဂျာလိဂ်ကလပ် ချီကာဂိုအသင်းကနေ ပေါင် ၁၈ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဒူရန်ဟာ အက်စတွန်ဗီလာအသင်းနဲ့ ၂၀၃၀ ခုနှစ်အထိ စာချုပ်ရှိနေပါတယ်။

ဒူရန်ဟာ အက်စတွန်ဗီလာအသင်းအတွက် ၇၇ ပွဲ ပါဝင်ကစားထားပြီး သွင်းဂိုး ၂၀ သွင်းယူထားတာ ဖြစ်ပါတယ်။

Source: Metro

#ဘောလုံးသတင်းစုံ

image