ဘန်ကောက်မြို့တွင် လေထုညစ်ညမ်းမှုကြောင့် စာသင်ကျောင်း ၃၅၀ ကျော်ပိတ်ထားရ
+++++++++
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ လေထုညစ်ညမ်းမှုက တဖြည်းဖြည်းပိုမိုဆိုးဝါးလာတာကြောင့် ဇန်နဝါရီလ ၂၄ ရက်နေ့က စာသင်ကျောင်း ၃၅၀ ကျော်စံချိန်တင်ပိတ်ထားရကြောင်း Bangkok Post သတင်းမှာရေးသားထားပါတယ်။
မြို့တော်ဘန်ကောက်မှာ အခုသီတင်းပတ်အတွင်း ပိုမိုဆိုးရွားလာတဲ့ လေထုညစ်ညမ်းမှုကြောင့် စာသင်ကျောင်း ၃၅၀ကျော်အထိ စံချိန်တင်ပိတ်ထားရပြီး ဒါဟာ ငါးနှစ်အတွင်း အမြင့်ဆုံးလေထုညစ်ညမ်းမှု ဖြစ်တယ်လို့ မြို့အာဏာပိုင်တွေက ပြောပါတယ်။
ဘန်ကောက်မြို့မှာ လေထုညစ်ညမ်းမှု အဆင့်က PM 2.5 အနီရောင် အဆင့်ရှိသောကြောင့် ကျောင်းပေါင်း ၃၅၀ ထက်မနည်း ပိတ်ထားလိုက်ရတာဖြစ်ပါတယ်။
PM2.5 ဆိုတာကတော့ လေထုအညစ်အကြေးတစ်မျိုးဖြစ်ပြီး လေထဲမှာရှိတဲ့ 2.5 မိုက်ခရွန် (Micron) ထက်သေးငယ်တဲ့ အမှုန်တွေ (Particulate Matter) ပဲဖြစ်ပါတယ်။ အဆိုပါ အမှုန်တွေက အသက်ရှူလမ်းကြောင်းကို ထိခိုက်စေနိုင်ပါတယ်။
ဘန်ကောက်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ လေထုညစ်ညမ်းမှုကို လျှော့ချနိုင်ရေးအတွက် မြို့တော်ရဲ့ မိုးပျံရထား၊ ဘတ်စ်ကားဝန်ဆောင်မှုတွေအပါအဝင် အများပြည်သူ သယ်ယူပို့ဆောင်ရေးတွေကို တစ်ပတ်ကြာ အခမဲ့စီစဉ်ပေးမယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။
ရာသီအလိုက် လေထုညစ်ညမ်းမှုဟာ ဒေသတွင်းရှိနိုင်ငံတွေနည်းတူ ခံစားရလေ့ရှိပေမယ့် အခုသီတင်းပတ်အတွင်း မီးခိုးမြူတွေကြောင့် အကြီးစားမော်တော်ယာဉ်တွေ မောင်းနှင်မှုကို ကန့်သတ်ထားပြီး ဝန်ထမ်းတွေကိုလည်း နေအိမ်ကနေ အလုပ်လုပ်ဖို့ ညွှန်ကြားထားပါတယ်။
