15 w - Translate

ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေ လျာထားချက်ပေါ် (၇၀) ရာခိုင်နှုန်း ထုတ်ချေးပေးနိုင်ခဲ့

ဆောင်းရာသီကာလအတွင်း ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများကိုထုတ်ချေးပေးရာတွင် လျာထားချက်၏ (၇၀) ရာခိုင်နှုန်း ထုတ်ချေးပေးနိုင်ခဲ့ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှသိရသည်။

ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေကို ၂၀၂၄ ခုနှစ် အောက်တိုဘာလမှစတင်ကာ တိုင်းဒေသကြီး၊ ပြည်နယ်အားလုံးအတွက် ငွေကျပ် (၁၄၀ ဒသမ ၀၅) ဘီလီယံ လျာထားပြီး ထုတ်ချေးပေးလျက်ရှိရာ (၉၈ ဒသမ ၀၇၁) ဘီလီယံထုတ်ချေးပေးထားပြီးဖြစ်သဖြင့် လျာထားချက်ပေါ်မှာ (၇၀) ရာခိုင်နှုန်း ထုတ်ချေးပေးနိုင်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ထုတ်ချေးပေးမှုအနေဖြင့် စပါးသီးနှံ တစ်ဧက (၁၅၀၀၀၀) နှုန်း၊ အခြားသီးနှံတစ်ဧက (၁၀၀၀၀၀) နှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ချေးငွေအတွက် တစ်နှစ်လျှင်အတိုးနှုန်း (၅) ရာခိုင်နှုန်း ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးရာသီချေးငွေအဖြစ်လည်း ၂၀၂၄ ခုနှစ် မိုးရာသီ သီးနှံစိုက်ပျိုးမှုအတွက် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ခရိုင်၊ မြို့နယ်ဘဏ်ခွဲပေါင်း(၁၇၂)ခုမှ ရပ်ကွက်/ကျေးရွာအုပ်စုပေါင်း (၅,၈၇၁)အုပ်စုရှိ တောင်သူပေါင်း (၅၀၅,၈၄၃)ဦး၏ စိုက်ပျိုးဧကပေါင်း (၃ ဒသမ ၄၂၃)သန်းကျော်အတွက်လည်း ချေးငွေကျပ် (၄၈၉ ဒသမ ၃၂၁)ဘီလီလျံကိုလည်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

image