ရမ်းဗြဲ ထောင့်ချိန်ရွာကို စစ်ကောင်စီလေတပ် ဗုံးကြဲလို့ အရပ်သား တစ်ယောက်သေဆုံးပြီး နှစ်ယောက်ဒဏ်ရာရ
စောရှင်မေ၊ ဇန်နဝါရီ ၂၄/၂၀၂၅
ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်တိုက်နယ်က ထောင့်ချိန်ရွာကို စစ်ကောင်စီလေတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားတစ်ယောက် သေဆုံးပြီး နှစ်ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသွားသူကတော့ ထောင့်ချိန်ရွာ ဘုန်းကြီးကျောင်းမှာ နေတဲ့ အသက် (၂၆)နှစ်အရွယ် ကိုကြာပီဖြစ်ပါတယ်။
နောက်ထပ်ဒေသခံ နှစ်ယောက်လည်း ဒဏ်ရာရရှိသွားတယ်လို့ Arakan Princess Media မှာ ဖော်ပြပါတယ်။
မနေ့က ဇန်နဝါရီလ ၂၃ ရက်၊ ညဥ့် ၁၁ နာရီကျော်လောက်မှာ ဂျက်ဖိုက်တာနဲ့ နှစ်ကြိမ်တိုင် ဗုံးကြဲတိုက်ခဲ့တာဖြစ်ပြီး သာသနာ့အဆောက်အအုံတွေနဲ့ စာသင်ကျောင်းတွေ ပျက်စီးသွားတယ်လို့လည်း သိရပါတယ်။
ပထမအကြိမ်ပစ်ခတ်စဥ်မှာ ဘုန်းကြီးကျောင်းနဲ့ ဒုတိယအကြိမ်မှာ စာသင်ကျောင်းသို့ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သတင်းမှာဖော်ပြပါတယ်။
အခုကိစ္စနဲ့ပတ်သက်ပြီး ပေါက်တောမြို့နယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးတက်ထွန်းအောင်က "စစ်ကောင်စီက ရခိုင်ပြည်အနံ့မှာ စစ်ရှုံးနေတဲ့အတွက်ကြောင့် ဗုံးတွေအမြဲတမ်းလာကြဲနေတယ်။ ဒီလို အနှောင့်အယှက်ပေးနေတာဟာ လူသားတွေကို ပြုန်းတီးအောင်အထိလုပ်နေတဲ့သဘောရှိတယ်။ လူစည်ကားတဲ့နေရာတွေ၊ သာသနာ့အဆောက်အအုံ၊ စာသင်ကျောင်း၊ ဆေးရုံဆေးခန်းတွေကိုပစ်ခတ်နေတာဟာ စစ်ကောင်စီက ရခိုင်ပြည်ကိုပြန်လည်ရရှိနိုင်ဖို့ အခြေအနေမရှိတော့လို့ ဒီလိုဖျက်ဆီးနေတာဖြစ်တယ်။ ဆက်လက်ပြီးလည်း ဒီလိုလုပ်နေတာဟာ စစ်ရာဇဝတ်မှုမြောက်တယ်လို့ ပြောချင်တယ်"လို့ နိရဥ္စရာကို ပြောပါတယ်။
စစ်ကောင်စီဟာ ရမ်းဗြဲမြို့နယ်က ကျောက်နီမော်ကျေးရွာကိုလည်း ဇန်နဝါရီလ ၈ ရက်၊ နေ့လယ် ၁ နာရီခွဲလောက်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။
အဲဒီဖြစ်စဥ်ကြောင့် ရွာတောင်ပိုင်းရပ်ကွက်၊ ရွာအလယ်ပိုင်းရပ်ကွက်နဲ့ မြောက်ပိုင်းရပ်ကွက်တို့ကို မီးအပြင်းအထန်လောင်ကျွမ်းခဲ့ပြီး နေအိမ်ပေါင်း (၃၉၈)လုံး မီးလောင်ကျွမ်းသွားခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ဇန်နဝါရီလ ၁ဝ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
AA က ပြုစုထားတဲ့စာရင်းအရ အရပ်သား ၄ဝ ကျော်သေဆုံးပြီး အဲဒီထဲက သေဆုံးသူမွတ်ဆလင်အရပ်သား (၂၆)ယောက်ရဲ့အလောင်းကိုသာ ရရှိထားတယ်လို့ဖော်ပြခဲ့ပါတယ်။
အလတ်စား၊ အပေါ့စားနဲ့ ပြင်းထန်ဒဏ်ရာရသူ (၂၇)ယောက်နဲ့အထက်ရှိခဲ့တယ်လို့လည်း AA က ဆိုပါတယ်။
ဓာတ်ပုံ - ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ရွာမှ ဗုံးကြဲခံရစဥ် နေအိမ်များ မီးလောင်နေသည်ကို ဇန်နဝါရီလ ၈ ရက်က တွေ့ရစဉ်။ Photo - AA Info Desk
#crd
