Part-1
*ဆရာနိုး အမှတ်တရ
သူနှင့်သိကျွမ်းသည်မှာ ၁၉၆၇-၆၈ ခုနှစ်ကဖြစ်သည်။ သူဆိုသည်က “ဆရာ မောင်သာနိုး”ပါ
ထိုအချိန်က ကျွန်တော်သည် ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်၊ မြန်မာစာဌာန တွင် နည်းပြဆရာငယ်တစ်ယောက်ဖြစ်သည်။ ပုသိမ်ကောလိပ်မှာ အလုပ် စဝင်ပြီး ၂ နှစ်အကြာမှာ ရန်ကုန်ပြန်ရောက်လာသည်မို့ လုပ်သက် ၂ နှစ်သာ ရှိသေးသည်။ မဟာဝိဇ္ဇာတန်း တက်ခွင့်ရသည့်အတွက် မဟာဝိဇ္ဇာနောက်ဆုံးနှစ် အပိုင်း ၁ M.A (Final I) တက်နေသည်။ နည်းပြဆရာပေါက်စဖြစ်သော ကျွန်တော်တို့ သူငယ်ချင်းတစ်စုက တောင်ငူဆောင်အပေါ်ဆုံးထပ် အစွန်ဆုံးအခန်းမှာ ‘ရုံးထိုင်’ရ သည်။ ထိုနှစ်တွင် မဟာဝိဇ္ဇာတန်းတက်ဖို့ ဘွဲ့လွန်ကျောင်းသားကြီးအဖြစ် သူ ရောက်လာခြင်းဖြစ်သည်။ ကျွန်တော်တို့ သူငယ်ချင်းတစ်စုက သူ့ကို ယခုမှမြင်ဖူး သော်လည်း နာမည်ကြားဖူးနေသည်မှာ ကြာပါပြီ။ ကျွန်တော်တို့အခန်းကို သူလာ နှုတ်ဆက်တော့ ကျွန်တော်တို့က ဝမ်းသာအားရကြိုဆိုပြီး စကားတွေပြောဖြစ်ကြ သည်။ မကြာမီမှာပင် သူနှင့် ခင်မင်သွားကြသည်။ သူက ကျွန်တော်တို့ထက် အသက်တော်တော်ကြီးပုံရသည်။ သို့သော် သူက ကျွန်တော်တို့ နာမည်တွေမှာ ‘ကို’တပ်ပြီး ကိုခင်အေး၊ ကိုဟုန်ဝမ်၊ ကိုသန်းထွန်း၊ ကိုမြသိန်း ဟူ၍ ရင်းရင်းနှီးနှီး ပြောဆိုသည်။ ကျွန်တော်တို့ကလည်း သူ့ကို ‘ကိုသာနိုး’ဟု ရင်းရင်းနှီးနှီးခေါ်သည်။ သူက မဟာဝိဇ္ဇာ အရည်အချင်းစစ် အပိုင်း(၁) M.A(Q.I) က စတက်သည်။ အတန်းအားချိန်တွင် ကျွန်တော်တို့အခန်းမှာ စတည်းချသည်။ သည်လိုနှင့် ကျွန် တော်တို့ သူငယ်ချင်းတစ်စုသည် ဆရာမောင်သာနိုးနှင့် ခင်မင်ရင်းနှီးလာပါသည်။
ကျွန်တော်က သူနှင့်မတွေ့ဖူးခင်ကပင် သူ့စာတွေကို ဖတ်ဖူးနေပါပြီ။ အထူး သဖြင့် လုပ်သားပြည်သူ့ နေ့စဉ်သတင်းစာမှာ သူရေးနေသော ဘာသာဗေဒအခြေ ခံသည့် မြန်မာစကားအကြောင်း ဆောင်းပါးများကို စိတ်ဝင်စားသည်။ ထိုအချိန် ကပင် ကျွန်တော်တို့ဆရာ သဒ္ဒဗေဒပညာရှင် ဆရာဦးရွှေသွင်နှင့် ဘာသာစကား အကြောင်း အပြန်အလှန်ဆွေးနွေးသည့် သူ့ဆောင်းပါးများကို တွေ့ နေရပါပြီ။ ကျွန်တော်က ဘာသာဗေဒကို အထူးစိတ်ဝင်စားသည့်အတွက် ကျွန်တော်တို့အတန်း မှာ ဆရာဦးရွှေသွင်နှင့် ဆရာမ ဒေါ်ခင်ခင်လေးတို့ သင်ကြားပို့ချပေးသော သဒ္ဒဗေဒ နှင့် ဘာသာဗေဒစာအုပ်များသာမက ဆရာနှင့် ဆရာမတို့ လမ်းညွှန်သော စာအုပ် စာတမ်းများကို ရှာဖွေဖတ်ရှုလျက်ရှိရာ ဆရာမောင်သာနိုး၏ ဆောင်းပါးများမှလည်း ဘာသာဗေဒအသိအမြင်များ ရခဲ့သည်။

#ဆက်ရန်ရှိ