" တစ္ဆေမ "
🌠🌠🌠
#ပီမိုးနင်း
ဘဦးသည် ဇနီးဖြစ်သူ မလှစိန်နှင့် ကွဲ၍လာပြီးကတည်းက အကြီးအကျယ် မကျန်းမမာဖြစ်ရာ သုံးလကျော်ကျော် ကြာခဲ့လေသည်။ များစွာသောဆရာတို့က လက်လျှော့လေသဖြင့် ရန်ကုန်ဆေးရုံကြီးသို့တက်၍ ကုသခြင်းခံခဲ့ပြီးမှ ဆရာဝန်၊ ဆရာမတို့၏ကျေးဇူးကြောင့် ကျန်းမာချမ်းသာ၍ ဆေးရုံမှဆင်းခဲ့သည်မှာ တနင်္ဂနွေတစ်ပတ်မျှ ကြာခဲ့လေပြီ။ ဇနီးဖြစ်သူအပေါ်၌ အထင်လွဲ၍ ကွဲခဲ့ခြင်းဖြစ်ရာ ၎င်း၏ထံမှ စာတစ်စောင်မှ မရ။ စိတ်နာ၍ မပေးဘဲနေတာပဲဟု ဘဦးစိတ်၌ ယူဆလေ၏။
စွန့်ခွာ၍ မလာမီကလည်း အထင်လွဲခြင်းကြောင့် မယားသည်လှစိန်ကို အနာတရ ရိုက်နှက်ခဲ့သေးသည်။ မလှစိန်နှင့် ခွဲ၍လာပြီး တနင်္ဂနွေတစ်ပတ်မျှ ကြာသောအခါ မိမိ၏အသိများက ယုံကြည်စိတ်ချလောက်အောင် ဝိုင်းဝန်းပြောဆိုကြသဖြင့် လှစိန်မှာ လုံးလုံး အပြစ်မရှိ။ မိမိက မူးယစ်မိုက်မှားပြီး မတရားတလွဲထင်၍ နှိပ်စက်ရိုက်နှက်ထွက်လာခဲ့မိသည့်အကြောင်းကို သိရလေ၏။ သို့ဖြစ်လေရာ မိမိအပြစ်ကြောင့် လှစိန်ထံသို့လည်း မပြန်ရဲ။ လှစိန်၏မိဘများကလည်း မိမိအပေါ် စိတ်နာမှာပဲဟု အောက်မေ့ပြန်ကာ မပြန်ဘဲနေခိုက်မှာ မယားစိတ်နှင့် ရတက်ဖြာ၍နေရာတွင် မကျန်းမမာဖြစ်ခဲ့လေ၏။
ယခုမှာကား မိုးရိပ်မိုးယောင်ကလေးများ မှိုင်းညှို့ကာသမ်း တိမ်ရက်ပန်းကြွသော လရာသီဖြစ်သဖြင့်တစ်ကြောင်း၊ နာလန်ထကာစဖြစ်သဖြင့်လည်းကောင်း၊ မိုးတိမ်တို့ကို ရှုမျှော်ရင်း လှစိန်၏မျက်နှာကလေးကို အခါတပါးနှင့်မတူ တိုး၍ ထင်မြင်လေ၏။ ငါမှားလေခြင်း၊ ငါ့မယားမှာ အပြစ်မရှိဘဲလျက် ငါနှိပ်စက်ထွက်၍ လာမိလေခြင်းဟု စဉ်းစားဆင်ခြင် အသည်းတွင် မနည်းနာ၍ နေလေသည်။ မိုးသံလေသံတွေ ဖြိုးလျှံ၍လာလေလေ အဆွေးလုံးကြီးတွေက ရင်ကို ဆို့ကာဆို့ကာ တက်၍လာလေလေ
အသည်းထဲမှာ နာလေလေဖြစ်လာ၏။ သို့ဖြစ်သောကြောင့် ဟိုကျန်းမာစဉ်အခါက မသွားရဲမပြန်ရဲသော်လည်း ယခုမှာကား မနေနိုင်အောင်ဖြစ်လှသဖြင့် ပြန်ရတော့မှာပဲဟု စိတ်ထဲ၌ ဆုံးဖြတ်ချက်ချလိုက်ရတော့သည်။
ဘဦးသည် ကြို့ပင်ကောက်မြို့ အရှေ့စွန်းနား၊ ထန်းတောနှင့် မနီးမဝေး မဒရပ်အိမ်မြင့်ကလေးအောက်သို့ ရောက်၍သွားလေ၏။ အသက် ၁၄နှစ်အရွယ်ခန့်ရှိသော မိန်းကလေးတစ်ဦးသည် ဘဦးအား ကြောင်တောင်ငေးကြည့်နေလေသည်။ ဘဦးသည် သူငယ်မကလေးအား မြင်လျှင် " ငါ အိမ်မှား ဝင်လာမိလေသလား၊ မှားဖို့လည်း မရှိပါဘူးလေ" ဟု အောက်မေ့လျက် " ဒါ .. မလှစိန်တို့အိမ် မဟုတ်လား "ဟု မေးလေ၏။
" ဟုတ်ပါတယ်ရှင်။ မလှစိန်ယောက်ျားမဟုတ်လား။ ကျွန်မ ဓာတ်ပုံကို မြင်ဖူးထားလို့ မေးတာပါ။ ကျွန်မက မလှစိန်ရဲ့ညီမဝမ်းကွဲ မန္တလေးကပါ။ ရှင်တို့လင်မယား ကွဲနေတယ်လို့ ကြားပါကလား။ အခု အိမ်မှာ ဘယ်သူမှ မရှိဘူး။ မလှစိန်အဖေတော့ အလှူကိုသွားတယ်။ အမေတော့ စိတ်မကောင်းလို့ အိပ်နေတယ်။ အိပ်ပျော်နေတယ်ထင်ပါရဲ့။ မနိုးသေးဘူး "
သူငယ်မကလေးသည် ငြိမ်သက်သောရုပ်သွင်နှင့် မလိုက်အောင် စကားကို စဉ်တိုက်ဆက်ကာ တွေးသလိုလို တစ်ခါတစ်ခါ အဝေးထန်းတောကြီးကို မျှော်ရင်းမျှော်ရင်း ပြောလေ၏။
" မလှစိန်ရော "ဟု ဘဦးက အလျင်စလိုမေး၏။
" နားထောင်ပါ။ ကျွန်မပြောပါ့မယ်။ မလှစိန်လေ .. အမလေး .. ကျွန်မ မပြောချင်ဘူး။ အဲ .. အခုလို အချိန်လောက်ပဲ ဖြစ်ပါလိမ့်မယ်။ ရှင်ထွက်သွားပြီး တစ်လလောက်အကြာမှာ မလှစိန်ရယ်.. ဟောဟိုထန်းတောနားကို သွားပြီး သရက်ပင်တစ်ပင်က အကိုင်းမှာ ကြိုးဆွဲချ သေရှာတယ်။ အဲဒီကတည်းက အရီး စိတ်မကောင်းတော့တာပဲ .. "
စကားအလုံးစုံကို ကြားရပြီးသောအခါ ဘဦးသည် ဇက်ကို ဝါရင်းတုတ်နှင့် အနှက်ခံလိုက်ရသလို ဖြစ်၍သွား၏။ သို့သော်လည်း ပင်ကိုယ်က အတော်စိတ်ခိုင်သူဖြစ်သဖြင့် စိတ်ကို ချုပ်ကာ အံကြိတ်လျက် အကြောင်သားဖြစ်နေလေ၏။ မျက်ရည်များကိုကား ချုပ်၍မရချေ။ ရင်ဘတ်မှာ လှိုင်းကြီးတွေထလျက် ရှိုက်ကာရှိုက်ကာ တက်တော့မလိုဖြစ်၏။ နှုတ်ခမ်းကိုကိုက်ပြီး မျက်ရည်များကို သုတ်လေ၏။ " ငါ့ကြောင့်ပါပဲ ... ငါရိုက်လို့ ငါ့မယား ငါ့စိတ်နဲ့ သေရရှာတာ .. "ဟု ယူကြုံးမရ အပူလုံးကြီးကြွ၍ နေလေ၏။
သူငယ်မကလေးသည် သူ့ကိုမကြည့်ဘဲ ထန်းတောဘက်သို့ ငေးမျှော်နေပြန်၏။
" အခါတိုင်း ဒီအချိန်မှာ သူ ရေခပ်သွားတာပဲ။ ရေခပ်ပြီးရင် ဟောဟို ခြံစည်းရိုးကြားကနေ ရေအိုးရွက်ပြီး ဖြတ်ဖြတ်ဝင်လာတာ။ အဲဒီနေ့မှာတော့ ပြန်မလာဘူး။ အရီးမှာတော့ကာ အဲဒီကတည်းကစပြီး စိတ်နောက်သွားတာပဲ။ အခုထက်ထိ ဒီခြံစည်းရိုးလမ်း ကြားတံခါးကို ဖွင့်ထားတာပဲ။ အစ်မလေး ဒီခြံစည်းရိုးအကြားကနေ ရေအိုးရွက်ပြီး ပြန်လာလိမ့်မယ်လို့ သူ့စိတ်ထဲ စွဲနေရှာတာကိုးရှင့်။ တော်တော်ကြာ အိပ်ရာကနိုးရင် မျှော်ပါလိမ့်မယ်။ အရီးတော့ ဘာပြောစရာရှိမလဲ။ ကျွန်မတောင် တခါတခါ ထင်မြင်နေတာပဲ "
(ဆက်ရန်)
