"Joy of Missing Out (JOMO)"
◾FOMO နဲ့ JOMO တဲ့..။ ဆန့်ကျင်ဘက် စိတ်ခံစားချက်နှစ်မျိုးရှိတယ်။ နောက်ကျကျန်နေခဲ့ရမှာ ကြောက်နေတဲ့စိတ် Fear of Missing Out (FOMO) နဲ့၊ နောက်ကျကျန်ခဲ့ရတာကို ပျော်နေတဲ့စိတ် Joy of Missing Out (JOMO)။
📌 ပထမတစ်ခု FOMO ဆိုတာက...
သူငယ်ချင်းတွေက စားသောက်ဆိုင်အသစ်မှာ သွားစားနေကြပြီ၊ ငါမရောက်သေးဘူး၊ လူတိုင်း Squid Game ကြည့်ပြီးပြီ၊ ငါပဲ မကြည့်ရသေးတာ၊ သူငယ်ချင်းတွေ ဖိတ်တာ မသွားရင် ပျော်စရာတွေ လွဲသွားမလား၊ လုပ်ဖော်ကိုင်ဖက်တွေ သင်တန်းတက်နေတာ မတက်ရရင် ကျန်ခဲ့မလား၊ ဆိုရှယ်မီဒီယာပေါ်က နောက်ဆုံးရသတင်းတွေ မဖတ်ရသေးရင် နောက်ကျနေမလား... စသဖြင့် အရာရာတိုင်းမှာ လွဲချော်ကျန်ရစ်မှာကို စိုးရိမ်ပူပန်နေတဲ့ စိတ်ခံစားမှုပါ။
- အွန်လိုင်းပေါ်က ပို့စ်တိုင်းကို လိုက်ဖတ်နေရတာတွေ
- မိတ်ဆွေတွေရဲ့ ဖိတ်ကြားမှုတိုင်းကို ငြင်းဖို့ခက်နေပြီး
- ဖိတ်သမျှပွဲတိုင်း တက်ဖို့ ကြိုးစားနေတာတွေ
- တခြားသူတွေ ဘာလုပ်နေလဲဆိုတာ အမြဲလိုက်သိချင်နေတာတွေ..
ဒါတွေဟာ FOMO ရဲ့ လက္ခဏာတွေပါ။ သူတို့အတွက် အပြင်မှာ ဖြစ်နေတဲ့ ဘာဖြစ်ဖြစ် လွတ်သွားမှာကို မခံနိုင်ကြဘူး။
📌 ဒါပေမယ့် တခြားတစ်ဖက်မှာလည်း ဒီလို Update တွေကို လုံးဝဂရုမစိုက်တဲ့ JOMO တွေ ရှိနေပြန်တယ်။
◾Joy of Missing Out (JOMO) လို့ခေါ်တဲ့ လွဲချော်ကျန်ရစ်ခြင်းရဲ့ ပျော်ရွှင်မှုကိုလည်း ခံစားတတ်ဖို့ လိုပါတယ်။ တစ်ချို့ပွဲတွေ မတက်ဖြစ်ဘူး၊ တစ်ချို့ Update တွေ မလိုက်ဖြစ်ဘူး။ အဲဒီအစား ကိုယ့်အတွက် ပိုအရေးကြီးတာတွေ လုပ်နိုင်တယ်။ အနားယူချိန်ရတယ်ဆိုတာမျိုးပါ။
"ဟိုဟာမသိ၊ ဒီဟာမသိနဲ့ စိတ်အေးလက်အေးပဲ"
"ဖွဘုတ်တခွင် ဘာတွေဖြစ်နေပါစေ၊ ငါ့ဘာသာ စာအုပ်လေးဖတ်နေရတာ ကောင်းလိုက်တာ"
"ဘာမှ လိုက်မကြည့်တာကြာပြီ၊ အေးဆေးပဲ"
◾ဆိုရှယ်မီဒီယာပေါ်က ပို့စ်တွေကို မလိုက်ဖတ်တော့လို့ တောက်လျှောက်စာဖတ်နိုင်တယ်။ Group chat တွေကို mute လုပ်ထားလို့ အလုပ်ကို စိတ်ဝင်စားမှု အပြည့်နဲ့ လုပ်နိုင်တယ်။ မဟုတ်မခံ လိုက်လုပ်စရာမလိုတဲ့ Trend တွေကို ကင်းကွာနေတာကိုက စိတ်အေးရတယ်... စသဖြင့် မပါဝင်တာကို ပျော်ရွှင်ကျေနပ်နေတဲ့ အခြေအနေပါ။
နောက်ဆုံးပေါ်သတင်းတွေ မသိတာကို ဂရုမစိုက်တော့တာတွေ၊ Celebrity drama တွေကို လုံးဝစိတ်မဝင်စားတော့တာတွေ၊ ပွဲတိုင်းမပါ၊ ဖိတ်တိုင်း မသွားတော့တာတွေ..၊ တစ်ယောက်တည်း အချိန်ကုန်ဆုံးတာကို နှစ်သက်နေတာတွေ..
📌 ဒါတွေကတော့ JOMO တွေရဲ့ စိတ်ခံစားမှုတွေပါ။ သူတို့အတွက် အပြင်မှာ ဘာဖြစ်နေဖြစ်နေ၊ သူတို့ရဲ့ ကိုယ်ပိုင်လေးကမ္ဘာထဲမှာ ပျော်နေကြတယ်။ FOMO လို အရာရာကို လိုက်မမီမှာ စိုးရိမ်ပူပန်နေမယ့်အစား၊ အရာရာကို မလိုက်နိုင်လို့ စိတ်အေးလက်အေးနေတာကို ရွေးချယ်တဲ့သဘောပါ။
• ဒီနေရာမှာ FOMO က စိတ်ဖိစီးမှုတွေ ဖြစ်စေနိုင်တယ်။ အိပ်ရေးပျက်တယ်။ နားချိန်မရှိဘူး။ Social media ကို အမြဲစစ်နေရတယ်။ ငွေကုန်ကြေးကျများတယ်။ အချိန်တွေ ဖြုန်းတယ်။
• အခြားတစ်ဖက်မှာတော့ JOMO က စိတ်ငြိမ်းချမ်းမှုကို ပေးတယ်။ ကိုယ့်အတွက် အရေးကြီးတဲ့ အရာတွေကိုပဲ အာရုံစိုက်နိုင်တယ်။ ကိုယ်ပိုင်အချိန်တွေ ပိုရတယ်။ တီထွင်ဖန်တီးမှုတွေ ပိုကောင်းတယ်။
◾လူမှုဆက်ဆံရေးတွေအတွက် တစ်ချို့ Update တွေကို သိထားဖို့ လိုအပ်တယ်ဆိုပေမယ့်၊ တစ်ချို့အရာတွေကိုတော့ အေးဆေးပဲ လွှတ်ပေးလိုက်တာက ကောင်းပါတယ်။
• "ဘဝဆိုတာ ကိုယ်တို့ရွေးချယ်တဲ့အရာတွေ တစ်ခုတည်းကြောင့် လှပတာ မဟုတ်ပါဘူး။ ကိုယ်တို့ လွှတ်ပေးလိုက်တဲ့ အရာတွေကြောင့်လည်း လှပတာပါ"။
ကိုယ်တို့တွေက အရာအားလုံးကို လိုက်မမီနိုင်ပါဘူး။ လိုက်မီစရာလည်း မလိုအပ်ပါဘူး။ ဒါပေမယ့် တစ်ချို့အရာတွေကို လိုက်မီအောင် ကြိုးစားဖို့တော့ လိုအပ်ပါတယ်။ ဘယ်အရာကို လိုက်မယ်၊ ဘယ်အရာကို လွှတ်မယ်ဆိုတာက အရေးကြီးဆုံးပါပဲ။
◾ဒီခေတ်ကြီးမှာ အချက်အလက်တွေက တစ်စက္ကန့်နဲ့တစ်စက္ကန့် Update ဖြစ်နေတယ်။ Trend တွေက တစ်ရက်နဲ့တစ်ရက် ပြောင်းလဲနေတယ်။ အဲဒါတွေအားလုံးကို လိုက်လုပ်နေရတာက ငွေကုန်၊ အချိန်ကုန်၊ လူပင်ပန်းတယ်။ ဒါ့အပြင် ကိုယ်ပိုင်ပုံစံလည်း ပျောက်ဆုံးသွားနိုင်တယ်။
ဒီလိုအန္တရာယ်တွေကနေ ကင်းလွတ်အောင် JOMO က ကာကွယ်ပေးပါတယ်။ အရာရာကို မသိစေကာမူ၊ မပါဝင်စေကာမူ၊ ကိုယ့်လမ်းကိုယ် လျှောက်လှမ်းနိုင်တဲ့ အင်အားကို ဖြစ်ပေါ်စေပါတယ်။
📌 JOMO ဆိုတာ ကိုယ်ပိုင်ရပ်တည်ချက်တစ်ခု ဖြစ်ပါတယ်။ အရာရာကို လိုက်လုပ်၊ လိုက်သိနေစရာမလိုဘဲ၊ ကိုယ့်အတွက် တကယ်အရေးပါတဲ့အရာတွေကိုပဲ ရွေးချယ်ပြီး ရှင်သန်တတ်တဲ့ နေထိုင်မှုပုံစံတစ်ခုပါ။ ဒါကြောင့်မို့ "Less is More" ဆိုတဲ့အတိုင်း နည်းနည်းလေးနဲ့ ကျေနပ်ပျော်ရွှင်တတ်တဲ့ အနုပညာကို လက်ကိုင်ထားသင့်ပါတယ်။
