စစ်ပွဲမရပ်လျှင် ဆက်လက်ဒဏ်ခတ်သွားမည်ဟု ရုရှားကို ထရမ့် ပြော
--------------------------
ယူကရိန်းစစ်ကို မရပ်မချင်း ရုရှားကို နောက်ထပ် အခွန်စည်းကြပ်မှုနဲ့ ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တွေ ချမှတ်သွား မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗုဒ္ဓဟူးနေ့မှာ ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့ ဘယ်လို ပုံစံအရေးယူမယ်ဆိုတာကိုတော့ သီခြားရှင်းလင်းတာ မရှိခဲ့ပါဘူး။
အရင်သမ္မတဘိုင်ဒန်လက်ထက်က ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပြီးဖြစ်ပေမဲ့လည်း ယူကရိန်းစစ်ကို ရုရှားက ရပ်တန့်အောင် ဖိအားပေးရေးအတွက် လုပ်နိုင်တာတွေရှိနေသေးတယ်လို့ လက်ရှိ အမေရိကန်အစိုးရ တာ ဝန်ရှိသူတွေက ပြောပါတယ်။ အထူးသဖြင့် ရုရှားရဲ့စွမ်းအင်ကဏ္ဍကို နောက်ထပ်ဖိအားပေး ပိတ်ဆို့မှုတွေချမှတ်နိုင် တယ်လို့ ယုံကြည်နေကြတာပါ။
အမေရိကန်အရာရှိတွေက ရုရှားရဲ့ဝင်ငွေ အဓိက ရေသောက်မြစ်တွေကို ဆက်လက်ပိတ်ဆို့ ဖြတ်တောက်တာ တွေကနေ ရုရှားသမ္မတ ပူတင်ကို ဆွေးနွေးပွဲစကားဝိုင်ဆီ ဆွဲခေါ်နိုင်မယ်လို့ ယုံကြည်နေကြပါတယ်။ ဒါ့အပြင် ရုရှားရေနံတွေကို သယ်ဆောင်ပေးနေတဲ့ ဥရောပကုန်တင်သင်္ဘောတွေနဲ့ အာရှက ဝယ်လက်တွေကို အပြစ် ပေးတာ အပါအဝင် တည်ဆဲဒဏ်ခတ်ပိတ်ဆို့မှုတွေကို ပိုမိုအားကောင်းအောင် ဆောင်ရွက်တာတွေရှိကြောင်း အမေရိကန် အရာရှိ တွေက ပြောပါတယ်။ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ တိုက်ရိုက်စကားပြောဆိုမှု အခုအပတ်အတွင်းမှာ ဖြစ်ပေါ်လာနိုင်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောထားပါတယ်။
