ခရီးမထွက်မီ သင့်ကား ကျန်းမာရေးအတွက် စစ်ဆေးသင့်သည်များ
၁။ အင်ဂျင်ဝိုင်လဲထားပြီးပြီလား?
သင့်ကား အင်ဂျင်ရဲ့ အသက်သွေးကြောလိုဖြစ်တဲ့ အင်ဂျင်ဝိုင် ညစ်နေပြီလား၊ အင်ဂျင်ဝိုင်ရဲ့ အဓိက အရည်အသွေးဖြစ်တဲ့ စေးကပ်မှု အရည်အသွေး (viscosity) ကျနေပြီလား ဆိုတာ ခရီးမသွားခင် စစ်ဆေးပြီးမှ သွားသင့်ပါတယ်။ ကားအင်ဂျင်ဝိုင်ကို 5,000 Km ကနေ 7,000 Km အတွင်းသာ အသုံးပြုသင့်ပြီး၊ ဒါ့ထက် ကီလိုမီတာ ပိုအသုံးပြုပါက အင်ဂျင်ဝိုင်ရဲ့ စေးပျစ်ခြင်း၊ အအေးပေးခြင်း၊ ချောဆီအဖြစ်ဆောင်ရွက်ခြင်း အစရှိတဲ့ ဂုဏ်သတ္တိတွေ လျှော့နည်းလာပြီး သင့်ကားအင်ဂျင်ကို ဒုက္ခပေးမှာ မလွဲမသွေပါ။
ဒီနေရာမှာ ကားအင်ဂျင်ဝိုင်လဲထားပြီး ကီလိုမီတာ 3,000 လောက်အသုံးပြုထားတယ်၊ 4,000 km လောက်အသုံးပြုထားတယ်၊ သတ်မှတ်ကီလို 5,000 မပြည့်သေးဘဲ တကယ်လို့ ခရီးသွားဖြစ်မယ်ဆိုရင် လဲရင်ကောင်းမလား၊ မလဲဘဲ ထားရင်ကောင်းမလားဆိုပြီး ဖြစ်တတ်ကြပါတယ်။
အကောင်းဆုံးကတော့ ခရီးသွားမယ်ဆို လဲသွားလိုက်တာအကောင်းဆုံးပါ၊ ကားအင်ဂျင်တွင်း အစိတ်အပိုင်းတွေက ဒီအင်ဂျင်ဝိုင်ရဲ့ထုထည်ပေါ်မှာ မှီခိုပြီး လည်ပတ်နေရတာပါ၊ ဥပမာ ကရိုင်း (crankshaft) နဲ့ ဘယ်ရင် (bearing) တွေဟာ သံ သံခြင်းပွတ်ပြီးလည်နေတာမဟုတ်ဘဲ၊ ဒီ သံတွေရဲ့ ကြားထဲမှာ ဆီထုပါးပါးလေးတည်ရှိပြီး အဲဒီဆီထုလေးပေါ်မှာ လည်နေရတာမလို့ ခရီးဝေးသွားတဲ့အခါမျိုးမှာ အင်ဂျင်ရဲ့မြင့်တက်လာမယ့်အပူရှိန်နဲ့ အရည်အသွေးကျလာတဲ့အင်ဂျင်ဝိုင် တွေ့တဲ့အခါမျိုးမှာ အင်ဂျင် မပျက်စီးတောင် အင်ဂျင်တွင်း အစိတ်အပိုင်းတွေကို ထိခိုက်စေပါတယ်။ ဒါကြောင့် ခရီးသွားမယ်ဆိုရင် အင်ဂျင်ဝိုင် အရည်အသွေးကို မဖြစ်မနေစစ်ဆေးသွားသင့်ပါတယ်။
၂။ အော်တိုဝိုင်လို့ခေါ်တဲ့ automatic transmission fluid တွေစစ်ဆေးပြီးပြီလား?
အော်တိုဝိုင်လို့ အခေါ်များတဲ့ automatic transmission fluid ကတော့ အင်ဂျင်ဝိုင်လို ခဏခဏ မလဲရပါဘူး။ ဒါပေမယ့် မိတ်ဆွေတို့ ခရီးဝေးသွားမယ်၊ ကီလိုမိုင်အများကြီးမောင်းမယ်ဆိုရင်တော့ ဒီအော်တိုဝိုင်ဟာလည်း မဖြစ်မနေစစ်ဆေးရမည့် အချက်ထဲမှာပါပါတယ်။
အော်တိုဝိုင်တွေကိုတော့ 60,000 km ကနေ 100,000 Km အထိ အသုံးပြုနိုင်တယ်လို့ ကားကုမ္ပဏီတွေက သတ်မှတ်ပေးထားပါတယ်။ အော်တိုဝိုင်ဆီတွေ ကီလိုဘယ်လောက်အသုံးပြုထားပြီးပြီလဲ
(ကီလီုမှတ်တမ်းရှိမယ်ဆိုရင်) ကီလိုမှတ်တမ်း မရှိရင်လည်း အော်တိုဝိုင်အရောင်ညစ်နေပြီလားဆိုတာ စစ်ဆေးပြီး ခရီးမသွားခင် လဲလှယ်သွားသင့်ပါတယ်။
အော်တိုဝိုင်လဲတဲ့အခါမှာလည်း မိမိကားနဲ့ကိုက်ညီတဲ့ အမျိုးအစားကို သေချာရွေးချယ်သင့်ပါတယ်။ ATF type အမျိုးအစားလား၊ CVT အမျိုးအစားလားဆိုတာ သေချာရွေးချယ်ပြီးထည့်မှရပါမယ်။ တချို့မိတ်ဆွေတွေ မိမိ ဂီယာဘောက်ရဲ့ အမျိုးအစားကိုမကြည့်ဘဲ အော်တိုဝိုင်ဖြစ်ရင်ပြီးရော ထည့်လို့ ဂီယာဘောက်ပျက်စီးပြီး ငွေကုန်ကြေးကျများတဲ့ ပြုပြင်မှုတွေလုပ်ခဲ့ရတာ ကြုံခဲ့ဖူးပါတယ်။
၃။ သင့်ကား ဘက်ထရီစစ်ဆေးပြီးပြီလား?
ခရီးသွားတဲ့ကားလေးတွေ အဖြစ်များတဲ့ ပြဿနာတစ်ခုက ဘက်ထရီအားကျပြီး ကားစက်နှိုးမရတာပါ။ ဒီလိုဖြစ်ရင် လမ်းခရီးမှာ ဘက်ထရီထောက်နှိုးရ၊ ထောက်ကြိုးရှာရ၊ ထောက်နှိုးမယ့် အကူဘက်ထရီအိုးရှာရနဲ့ အရမ်းဒုက္ခများပါတယ်။ ဒီလိုမဖြစ်ရအောင် သင့်ကား ဘက်ထရီကောင်း/မကောင်း၊ ဘက်ထရီအိုးရဲ့ ပါဝါကျ/မကျ စမ်းသပ်သွားသင့်ပါတယ်။
ပုံမှန် ဘက်ထရီအိုးကောင်းတစ်လုံးရဲ့ voltage က 12.35 V လောက်ပျမ်းမျှရှိပြီး ကားစက် စစနှိုးလိုက်တဲ့ အချိန် starter motor ကို စဆွဲလိုက်တဲ့အချိန်မှာ ထိုးကျသွားတဲ့ ဗို့အား votlage drop က 11. V ကနေ 10. V ထိပဲဆင်းသွားတယ်။ ဒါက အားပြည့်နေတဲ့ဘက်ထရီအိုးကောင်းတစ်လုံးအတွက်ပါ။ ဒါကို digital multimeter နဲ့တိုင်းတာကြည့်လို့ရပါတယ်။ 11.V ကနေ 10.V အထိပဲ ဆင်းတယ်ဆိုရင်တော့ ဒီဘက်ထရီကို စိတ်ချလက်ချအသုံးပြုနိုင် ခရီးသွားနိုင်ပါပြီ။ သင့်ကား လမ်းမှာ ဘက်ထရီဝပ်စရာ မရှိနိုင်ပါ။
အသုံးပြုထားတာအနည်းငယ်ကြာပြီဖြစ်တဲ့ အိုးတွေကို တိုင်းတာကြည့်ရင်တော့ ကားစက် စနှိုးလိုက်တဲ့အချိန်မှာ 9.5V ကနေ 8.5V လောက်ထိ ဗို့အားထိုးကျသွားတတ်ပါတယ်။ ဒီလောက်ဆို စိတ်ချလက်ချ အသုံးပြုနိုင်သေးတဲ့အဆင့်မဟုတ်တောင် အသင့်အတင့်သုံးလို့ရပါတယ်။ ပုံမှန်အားဖြင့် ဒီလောက်ဆို ဘက်ထရီအိုးအားထိုးကျသွားတာမျိုးက ဖြစ်ခဲပါတယ်။
ကားစက်စနှိုးလိုက်တဲ့အချိန် သင့်ကားဘက်ထရီ ဗို့အားက 8V အောက်ဆင်းသွားတယ်ဆိုရင်တော့ ခရီးသွားဖို့ ဘယ်လိုမှ စိတ်မချရတော့ပါဘူး။ ကားမောင်းနေတဲ့အချိန်တော့ အဆင်ပြေနေပြီး ကားစက်သတ်ရပ်နားပြီး ပြန်နှိုးချိန်မှာ ဘက်ထရီအားကျပြီး စက်ပြန်နှိုးလို့မရတဲ့ပြဿနာနဲ့ ကြုံတွေရနိုင်ပါတယ်။
ဒါကြောင့် ခရီးမသွားခင် သင့်ကား ဘက်ထရီကို စစ်ဆေးသွားမယ်ဆို ကားစက်နှိုးမရတဲ့ ပြဿနာကနေ ကင်းဝေးနိုင်ပါတယ်။
၄ ။ ကားဒိုင်နမို စစ်ဆေးပြီးပြီလား ?
အရပ်ခေါ် ဒိုင်နမိုလို့ခေါ်လိုက်တာပါ။ တကယ်တော့ Alternator ပါ။ ကားတစ်စီးလုံးရဲ့ အဓိက အရေးပါတဲ့ လျှပ်စစ်စနစ်တွေကို ထောက်ပံ့ပေးထားတဲ့အရာပါ။ ဒီအော်တာနေတာက ကားဘက်ထရီကို အားသွင်းပေးပြီး ကားမှာရှိတဲ့ ဆက်စပ် လျှပ်စစ်ပစ္စည်းအစိတ်အပိုင်းတွေကို အလုပ်လုပ်စေပါတယ်။
ဒီကား အော်တာနေတာရဲ့ အဓိက အဖြစ်များတဲ့ ပြဿနာက ကာဗွန်ဘရက် (carbon brush) တွေ ပွန်းစားပြီးတိုကုန်တာပါ။ ဒီလိုဖြစ်မယ်ဆို အော်တာနေတာကနေ အားသွင်းစနစ်အပြည့်အဝ အလုပ်မလုပ်တော့ဘဲ သင့်ကားမောင်းနေရင်းကနေ ကားဒိုင်ခွက်မှာ ဘက်ထရီအိုးပုံ ချက်မီးလေး ထလင်းပြီး ကားစက်ထိုးရပ်သွားပါလိမ့်မယ်။
ဒီလိုမဖြစ်ရအောင် သင်ခရီးမသွားခင် သင့်ကား အော်တာနေတာကနေ အားသွင်းစနစ်ကောင်းမကောင်းစစ်ဆေးသွားသင့်ပါတယ်။ ပုံမှန်ကောင်းမွန်တဲ့ ကားအော်တာနေတာတစ်လုံးရဲ့ voltage က 13.50 V ကနေ 14.50 V လောက်ထိ ပျမ်းမျှရှိပါတယ်။ ကားစက်နှိုးထားပြီး ဘက်ထရီမှာ တိုင်းတာလိုက်လို့ 13 V အောက်ကျနေတာ ဒါမှမဟုတ် 14.50 V ထက်ကျော်လွန်နေတာမျိုးဆိုရင်တော့ သင့်ကား အော်တာနေတာရဲ့ အားသွင်းစနစ် တစ်ခုခုပျက်ယွင်းနေပြီး ဖြုတ်စစ်ဆေးဖို့လို့နေပါပြီ။
ခရီးမသွားခင် ကား charging စနစ် ကောင်း/မကောင်းဟာလည်း ခရီးသွားနေစဉ် စိတ်အနှောက်အယှက်မဖြစ်စေဖို့ မဖြစ်မနေစစ်ဆေးသင့်တဲ့ အကြောင်းအရာတစ်ခုပါပဲလို့ တင်ပြပေးလိုက်ရပါတယ်။
