ဂိုးသမားဆန်းချက်ဇ်ဘက်မှ နည်းပြမာရက်စ်ကာ ကာကွယ်
---------------------------
ဝုဗ်အသင်းနဲ့ပွဲမှာ သူ့အမှားကနေ ချေပဂိုးပေးလိုက်ရတဲ့ စပိန်ဂိုးသမား ဆန်းချက်ဇ်ဘက်ကနေ ချဲလ်ဆီးနည်းပြ မာရက်စ်ကာက ကာကွယ်သွားခဲ့ပါတယ်။ ဝုဗ်နဲ့ပွဲ ပထမပိုင်းမပြီးခင်မှာ ဝုဗ်အသင်းရဲ့ထောင့်ကန်ဘောကို ဆန်းချက်ဇ် ကာကွယ်ရာမှာ ဘောလုံးက လက်ထဲကနေ လွတ်ကျခဲ့ပြီး ဝုဗ်နောက်ခံလူ ဒိုဟာတီက သွင်းယူခဲ့လို့ ဝုဗ်အသင်း ချေပဂိုး ပြန်ရသွားခဲ့တာပါ။
ဒါဟာ ဆန်းချက်ဇ်အနေနဲ့ အခုဘောလုံးရာသီမှာ ၄ ကြိမ်မြောက် မှားယွင်း မှုဖြစ်ခဲ့ပြီး ချဲလ်ဆီးပရိသတ်တွေက ဆန်းချက်ဇ်ကို ရောင်းလိုက်တော့ဆိုတဲ့ အော်ဟစ်သံတွေနဲ့အတူ စပိန်ဂိုး သမားကို လှောင်ပြောင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဆန်းချက်ဇ်ရဲ့ အမှားတွေအကြောင်းပြောမယ်ဆို တစ်ဖက်မှာ သူကာကွယ်ပေးခဲ့တဲ့ အကြိမ်တွေ ကိုလည်း ထည့်ပြောဖို့လိုအပ်သလို အမှားဆိုတာ ကစားသမားတိုင်း ကျုးလွန်မိ တတ်ပါတယ်လို့ နည်းပြ မာရက်စ်ကာက ဂိုးသမားဆန်းချက်ဇ်ဘက်ကနေ ကာကွယ်သွားခဲ့ပါတယ်။
ပရိသတ်တွေ ဘက်က ဝေဖန်မှုတွေရှိနေပေမဲ့ အသင်းရဲ့ ဂိုးသမားနေရာကို အပြောင်းအလဲပြုလုပ်ဖို့ စဉ်းစားမှာ မဟုတ်ဘူးလို့ လည်း မာရက်စ်ကာက ထပ်ပြီး အတည်ပြုသွားခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ အခုတစ်ပတ်မှာ ပရီးမီးယားလိဂ်ပွဲ အဖြစ် မန်စီးတီးအသင်းအိမ်ကွင်းကို သွားရောက်ကစားရမှာဖြစ်ပြီး မာရက်စ်ကာအနေနဲ့လည်း ဆရာဟောင်း ဂွါဒီယိုလာနဲ့ ပြန်လည်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
