*လူနည်းစု ဟူသည်
လူနည်းစု (minority) ဟူသည် လူအမျိုးအနွယ်အရသော်လည်းကောင်း၊ ဘာသာ ကိုးကွယ်မှုအရ သော်လည်းကောင်း၊ နေထိုင်ရာ ဒေသအရသော် လည်းကောင်း၊ ရွေးကောက်ပွဲတွင် အနိုင်ရသော နေရာအရေအတွက်အရ သော်လည်းကောင်း၊ ပြဿနာတစ်ရပ် အဆိုတစ်ရပ်ကို မဲခွဲရာ၌သော် လည်းကောင်း...စသည့် စသည့် အနေအထားများတွင် အနည်းစုဖြစ်နေသူ၊ မိမိက လူအနည်းစုထဲတွင် ပါဝင်နေသူတို့ကို ဆိုလိုသည်။
ဤသဘောအရ လူတစ်ယောက်တည်းသည်ပင် ကဏ္ဍတစ်ခု၌ အများစုထဲတွင် ပါဝင်၍၊ နောက်အမျိုးအစား ခွဲခြားမှုတစ်ခုတွင် အနည်းစုထဲ ရောက်သွားနိုင်သည်ကိုလည်းကောင်း၊ ပြောင်းလဲနေသော အခြေအနေများကို လိုက်၍ သည်တစ်ကြိမ်တွင် မိမိတို့က လူနည်းစုဖြစ်သော်လည်း နောက် တစ်ကြိမ်တွင် လူများစု ဖြစ်သွားနိုင်သည်ကိုလည်းကောင်း တွေ့မြင်နိုင်သည်။
အထက်တွင် လူများစုက လူနည်းစု၏ အခြေခံ အခွင့်အရေးများကို ထိပါးခွင့်မရှိဟု ဖော်ပြခဲ့ရာ လူနည်းစုအနေနှင့်လည်း အများစုက ရွေးကောက် လိုက်သည့် ကိုယ်စားလှယ်တို့ဖြင့် ဖွဲ့စည်းထားသော အစိုးရသည် မိမိတို့၏ အခြေခံရပိုင်ခွင့်များကို လည်းကောင်း၊ လူမျိုး၊ ဘာသာ၊ ဓလေ့ စသည်တို့ အားဖြင့် တွဲဖက် သိမှတ်ကြလေ့ရှိသည့် မိမိတို့၏ အမျိုးအမည် (identity) ကို လည်းကောင်း ကာကွယ် စောင့်ရှောက်လိမ့်မည်ဟု ယုံကြည်နိုင်ဖို့ လိုသည်။ ယင်းသို့ ယုံကြည်နိုင်မှသာ တိုင်းပြည်ထူထောင်ရေး အစရှိသည့် လူနည်းစုရော လူများစုပါ အကျုံးဝင်သည့် ကိစ္စများတွင် နိုင်ငံသားတစ်ဦး ပီသစွာ ပါဝင် ထမ်းရွက်နိုင်ကြမည် ဖြစ်သည်။
ဤတွင် လူအစုအသင်းများကြား ယုံကြည်မှုဟူသည် ယခင် ရှိနှင့်ခဲ့သော၊ ယခု တည်ရှိနေသော ဆက်ဆံရေး အတွေ့အကြုံများပေါ်တွင် မူတည်ရာ လူများစု၏ အစိုးရက လူနည်းစု၏ ရပိုင်ခွင့်များ၊ သဘောဆန္ဒများကို လေးစား သိမှတ်ခဲ့သော် လူနည်းစုကလည်း ယုံကြည်မှုရှိစွာ တုံ့ပြန် ဆက်ဆံကြလိမ့်မည်ဟု ဆိုနိုင်သည်။