*အများစု အုပ်ချုပ်ရေးနှင့် လူနည်းစု အခွင့်အရေး
သာမန်အားဖြင့်ကြည့်လျှင် အများစုအုပ်စိုးသောစနစ်နှင့် လူနည်းစုတို့၏ ရပိုင်ခွင့်ကို ကာကွယ်သော စနစ်တို့ အတူတကွ တည်ရှိနိုင်ပါ့မလား စဉ်းစားစရာရှိသည်။ သို့သော် လက်တွေ့၌ ဤစနစ်နှစ်ရပ်သည်ပင် ဒီမိုကရေစီ အစိုးရတစ်ရပ် ဖြစ်တည်အောင် ဒွန်တွဲထူထောင်ပေးသည့် ပင်မထောက်တိုင် နှစ်ခုဖြစ်သည်ဟု ဆိုနိုင်သည်။
*အများစု အုပ်ချုပ်မှု
အများစုအုပ်ချုပ်မှု(majority rule) ဆိုသည်က တိုင်းပြည်ရေးရာ ပြဿနာများ၊ တိုင်းပြည်အတွက် လုပ်သင့်လုပ်ထိုက်သည်များအား စဉ်းစား သုံးသပ် ဆုံးဖြတ်ခြင်း၊ စီမံခန့်ခွဲခြင်းတို့ကို လူများစုတို့၏ သဘောဆန္ဒ၊ လူများစုတို့၏ ရွေးချယ်မှုဖြင့် ဆောင်ရွက်သည်ဟူသော သဘောဖြစ်သည်။
ပြည်သူအများစုတို့က ... ရွေးကောက် တင်မြှောက်လိုက်သည့် ကိုယ်စားလှယ်များ အစိုးရဖွဲ့၍ တိုင်းပြည်ရေးရာ စီမံခန့်ခွဲခြင်းသည် အခြား နည်းလမ်း တစ်ခုခုဖြင့် အာဏာရရှိလာသည့် လူတစ်ဦး သို့မဟုတ် လူတစ်စုတို့ စီမံခန့်ခွဲခြင်းထက် ပို၍ ဖြစ်သင့်ဖြစ်ထိုက်သည်၊ ပို၍လည်း တရားမျှတသော သဘောရှိသည်ဟု ဆိုနိုင်သည်။
သို့သော်၊ အများစုထဲတွင် ပါဝင်သူတို့က မိမိတို့နှင့် မတူညီသည့် အနည်းစုဝင်များ၊ လူတစ်ဦးချင်းများအား အာဏာရှင်အစိုးရများကဲ့သို့ ဖိစီးနှိပ်စက်မှု မပြုနိုင်ဘူးလားဟူ၍ စိုးရိမ်စရာရှိသည်။ တချို့ တိုင်းပြည် ဒေသများတွင် ထိုသို့ ဖြစ်ပျက်မှုမျိုးတွေ တကယ်လည်း ရှိခဲ့သည်။
ဒီမိုကရေစီနိုင်ငံများတွင်မူ အများစုကို ကိုယ်စားပြုသူတို့ စီမံခန့်ခွဲခွင့် ရကြသည်ဆိုသော်လည်း ယင်းစီမံခန့်ခွဲခွင့်၌ အတိုင်းအတာ နယ်နိမိတ်ရှိသည်။ ကန့်သတ်ချက်များ ရှိသည်။ လူနည်းစု သို့မဟုတ် လူတစ်ဦးချင်းတို့၏ အခြေခံရပိုင်ခွင့်များကို သက်တမ်း ကာလတစ်ခုအတွက် အများစုဖြစ်နေသူတို့ ထိပါးပိုင်ခွင့် မရှိပေ။