သင်္ဃန်းကျွန်းတွင် နေအိမ် ၈ လုံးမီးလောင်၍ လူ ၄၁ ဦး အိုးမဲ့အိမ်မဲ့ဖြစ်မှု ခြင်ဆေးခွေမီးကြောင့် ဖြစ်ပွားခဲ့ရ

ဇန်နဝါရီ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ (င/က) ရပ်ကွက်၊ ပန်းရိုက်လမ်းတွင် ဇန်နဝါရီလ ၂၀ ရက်၊ မွန်းလွဲ ၂ နာရီ မိနစ် ၂၀ ခန့်က ဖြစ်ပွားခဲ့သော နေအိမ် ၈ လုံးမီးလောင်၍ လူဦးရေ ၄၁ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့မှုမှာ လူစောင့်မရှိဘဲ ခြင်ဆေးခွေထွန်းရာမှ အနီးရှိ အဝတ်ပုံသို့ မီးကူးစက်ကာ စတင်လောင်ကျွမ်းခဲ့ကြောင်း စစ်ဆေးသူများထံမှ သိရသည်။

မိနစ် ၃၀ နီးပါး ကြာမြင့်ခဲ့သော မီးလောင်မှုကြောင့် သွပ်မိုးပျဥ်ကာပျဥ်ခင်း ၁ ထပ်နေအိမ် ၂ လုံး၊ သွပ်မိုး၊ သွပ်ကာ၊ ပျဥ်ခင်း ၂ ထပ်နေအိမ် ၃ လုံးအပါအဝင် လူနေအိမ် ၈ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ကလေးငယ် ၁၉ ဦး အပါအဝင် လူဦးရေ ၄၁ ဦး မီးဘေးသင့်ခဲ့ကြောင်း သိရသည်။

မီးဘေးသင့်သူများကို (င/က) ရပ်ကွက်၊ ရှင်ဥပဂုတ္တရဟန္တာဓမ္မာရုံတွင် ယာယီနေရာချထားပေးကြောင်း သိရသည်။

မီးလောင်မှုကြောင့် အသက် ၄၂ နှစ်အရွယ်ရှိ ဒေါ်အေးကြည်မကို သုဝဏ္ဏနယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားသည်။

အလားတူ ဇန်နဝါရီလ ၂၀ ရက် နံနက် ၈ နာရီ ၄၀ မိနစ်ခန့်က မြောက်ဥက္ကလာပမြို့နယ်၊ (က)ရပ်ကွက်၊ မေယု(၅)လမ်းရှိ ၂ ထပ်နေအိမ်တစ်လုံး၏ မီးဖိုခန်းတွင် ထင်းမီးဖြင့် ထမင်းချက်ရာမှ မီးကြွင်းမီးကျန်ကျန်ပြီး အနီးရှိ ပလပ်စတစ်အမှိုက်ပုံးသို့မီးကူးစက်ကာ နေအိမ်တစ်လုံးနှင့် ဘေးအိမ်၏ အပေါ်ထပ်မီးလောင်ဆုံးရှုံးခဲ့​ကြောင်း သိရသည်။

နေအိမ်မီးလောင်မှုကြောင့် အသက် ၄၀ အရွယ် ဦးမင်းမင်းဦးကို ဝေဘာဂီနယ်မြေရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

imageimage
+7