25 ပတ် - ဘာသာပြန်ပါ။

လုံခြုံရေးတပ်ဖွဲ့ဝင်များအယောင်ဆောင်၍ VPN စစ်ဆေးမည်ဟုအကြောင်းပြကာ ဖုန်းများလိမ်လည် ယူဆောင်ခံရခြင်းများရှိနေ

ဇန်နဝါရီ ၂၂

ရန်ကုန်မြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ အယောင်ဆောင်၍ VPN စစ်ဆေးမည်ဟုအကြောင်းပြကာ ဖုန်း များ လိမ်လည်ယူဆောင်ခံရခြင်းများရှိနေကြောင်း ထွက်ပေါ်နေသောသတင်းများအရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်တွင် လူ(၃)ဦးစီးနင်းလိုက်ပါလာသည့် ကားတစ်စီးကို လုံခြုံရေး တပ်ဖွဲ့ဝင်များ အယောင်ဆောင်ထားသည့် အဖွဲ့တစ်ဖွဲ့က VPN စစ်ဆေးမည်ဆိုကာ ဖုန်းများလိမ်လည်ယူဆောင် သွားခဲ့သည့်ဖြစ်စဉ် ပြီးခဲ့သည့်ရက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်ခဲ့သည်။

အဆိုပါဖြစ်စဉ်များနည်းတူ အခြားသော မြို့နယ်များတွင်လည်း ဖုန်းအတွင်း VPN စစ်ဆေး မည်ဆိုကာ လူလိမ်များက ဖုန်းလုယက်များဖြစ်ပေါ်နေပြီး အထူးဂရုပြုကြရန်လိုအပ်ကြောင်း အငြိမ်းစားရဲမှူးကြီးတစ်ဦးက အကြံပြုပြောကြားထားသည်။

“(၂)ပိုင်းခွဲပြောရမယ်ဆိုရင် ပထမတစ် ပိင်းက ပြည်သူပေါ့နော်။ နောက်တစ်ပိုင်းကတော့ လိမ်တဲ့လူ။ ပြည်သူက ကြီးငယ်အကုန်ကစပြီး ကိုင်နေတာပေါ့။ ဖုန်းတစ်ခုကို တာဝန်ရှိတဲ့သူတွေက စစ်မယ်လို့ ပြောတဲ့အခါမှာ အဲဒီတာဝန်ရှိတဲ့သူရဲ့ဌာနကို မေးရမယ်။ ကျွန်တော် ဒီအတိုင်း အစစ်မခံနိုင်ဘူး။ အထောက်အထားတစ်ခုပြပါ။ ဒီလိုလုပ်မယ်ဆိုရင်တော့ ပြည်သူတိုင်းက ပြန်ပြီးတော့ တုံ့ပြန် နိုင်ရမယ်။ ဖုန်းကို လက်ထဲက လာပြီးဆွဲလုစရာမ လိုဘူး။ တကယ်တာဝန်ရှိ တဲ့သူဆိုရင်တောင် ဖုန်းပေးပါလို့ တောင်းရမှာ။ အဲဒီလိုဆိုရင်တောင် ဘာကိစ္စယူမှာလဲ။ ဒါဆိုရင် ခင်ဗျားဌာနကိုသွားမယ်။ ကျွန်တော်နဲ့ (၂)ယောက်ဆိုပြီး ဒီလိုလုပ်လို့ ရတယ်” ဟု ၎င်းက ပြောသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် အထက်ပါကိစ္စနှင့်ပတ်သက်သည့်အခြေခံဥပဒေများကိုလည်း လေ့လာထား သင့်ကြောင်း ၎င်းက ဆိုသည်။

“အခုက ဖုန်းပေးပါဆိုရင် ကြောက်လန့်ပြီး ပေးလိုက်တယ်။ အဲဒါက Public awareness ပေါ့နော်။ ဒါနဲ့ ပတ် သက်ပြီး awareness ဖြစ်ဖို့လိုတယ်။ အဲဒါကတော့ ပြည်သူတစ်ဦးချင်းဆီမှာ ရှိရမယ့် ဗဟုသုတနဲ့။ ကိုယ့်ကိုယ် ကိုယ်ခုခံပိုင်ခွင့်ပေါ့နော်။ ပြည်သူတိုင်းလည်း အဲဒါ သိထားဖို့လိုတယ်။ အရင်တုန်းက အိမ်ထဲကိုဝင် ရှာမယ်ဆိုရင် ဘယ်မှာလဲ ရှာဖွေဝရမ်းပြပေါ့နော်။ ဒါမျိုးတောင်းတာမျိုးတွေ ဥပဒေအသိလေးတွေ လည်းရှိဖို့လိုတယ်။ အဲဒါကြောင့် ပြည်သူက ဥပဒေနဲ့ပတ်သက်လို့ သဘောပေါက်ထားရမယ်” ဟု ၎င်းက ပြောသည်။

ထို့ပြင် လုံခြုံရေးတပ်ဖွဲ့ဝင်အယောင် ဆောင်ကာ စစ်ဆေးမည်ဟုအကြောင်းပြ၍ လက်ထိပ်ခတ်ဖမ်းဆီးပြီး ပြန်ပေးဆွဲသည့်ဖြစ်စဉ်များလည်း ပေါ်ပေါက်နေသည့်အပြင် အထက်ပါကဲ့သို့ အယောင်ဆောင်ပြီး တယ်လီဖုန်းကို စစ်ဆေးမည်ဟုဆိုကာ ငွေညှစ်သည့်ဖြစ်စဉ်များလည်း ဖြစ်ပွား နေကြောင်း သိရသည်။

(၂၀၂၁)ခုနှစ် ဖေဖော်ဝါရီလမှစတင်ကာ မြန်မာနိုင်ငံတွင် လူမှုကွန်ရက်စာမျက်နှာတစ်ခုဖြစ်သော Facebook ကို တင်းကြပ်လိုက်သည့်အတွက် ပြည်သူများအကြား VPN ဆိုသည့် ဆော့ဖ်ဝဲလ်တစ်ခု တွင်တွင် ကျယ်ကျယ် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သို့သော် လက်ရှိကာလတွင် အဆိုပါအခြေအနေပေါ်မူတည်ကာ လိမ်လည်သူများလည်း များစွာ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ကြောင်း အထက်ပါသတင်းရင်းမြစ်က ဆိုသည်။

“ဒီထက်မကတောင်လိမ်နေတာတွေရှိနေတော့ ဒီလိုလိမ်တယ်ဆိုတာက ဆိုက်ဘာဥပဒေ စထွက်တည်းက အဲဒီလိုမျိုး လိမ်လည်မှုတွေ ပေါ်လာ နိုင်တယ်လို့ လူတိုင်းနီးပါးပြောနေကြတာပဲလေ။ ဘာလို့ဆို လူတိုင်းကလည်း VPN သုံးနေတော့။ အဲဒီလိုဆိုတော့ သူတို့အတွက် လုပ်စားဖို့ကလည်း ဂွင်ဖြစ်သွားတာပေါ့။ စစ်မှူးထမ်း ဥပဒေမှာတုန်းကလိုပေါ့။ လူငယ်တွေကိုဆွဲခေါ်သွားပြီး ဘယ်လောက်နဲ့ရွေးဆိုရမယ်ဆိုတဲ့ လိမ်လည်တာတွေ လည်းရှိနေခဲ့ တာပဲလေ။ အွန်လိုင်းမှားလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်သွားသေးတယ်”ဟု ၎င်းက ပြောသည်။

#centralnewsnaypyitaw

image