ဆော်ဒီအာရေဗျသို့ ရေချိုငါးတင်ပို့နိုင်ရန် ကြိုးပမ်းနေ
မြန်မာ့ရေချိုငါးများကို ဆော်ဒီအာရေဗျသို့ တင်ပို့ခွင့်ရရန် ကြိုးပမ်းနေကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှညွှန်ကြားရေးမှူး ဦးညွန့်ဝင်းက နိုင်ငံပိုင်သတင်းဌာနသို့ ဖြေကြားထားသည်။
လက်ရှိတွင် ပြည်ပသို့ ငါးတင်ပို့မှုအနေဖြင့် ငါးသလောက်၊ ကတ်ကတစ်၊ ငါးမြစ်ချင်း၊ ငါးခုံးမ၊ ငါးတန်စသည့် အမျိုးအစား (၂၀) ကျော်တင်ပို့နေပြီး ရေချိုငါးများအနက် ငါးမြစ်ချင်း၊ ငါးသိုင်းခေါင်းပွ ငါးကို ဆော်ဒီအာရေဗျသို့ တင်ပို့နိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သိရသည်။
ပုစွန်အပါအဝင် မြန်မာ့ရေထွက်ကုန်များကို တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဂျပန်နိုင်ငံ စသည့် နိုင်ငံပေါင်း (၄၀)ကျော်သို့ တင်ပို့လျက်ရှိပြီး ရန်ကုန်မြို့မှတဆင့် ပုံမှန်တင်ပို့သည့်အပြင် နယ်စပ်ကုန်သွယ်ရေးမှလည်း တိုက်ရိုက်တင်ပို့လျက်ရှိကြောင်း သိရသည်။။
ယခုဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလကုန်အထိ ပြည်ပသို့ ရေထွက်ကုန်ပစ္စည်း တင်ပို့မှုအနေဖြင့် တန်ချိန် (၄၀၂၃၀၈)တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ(၅၂၁)သန်း တင်ပို့ထားပြီးဖြစ်ကြောင်းလည်းသိရသည်။
