နွားအမြီးနှပ်
နွားရဲ့အမြီးက ဆေးဘက်ဝင် အစားအစာ တခုဖြစ်ပါတယ်။
မီးဖွားပြီးစ မိခင်တွေ စွပ်ပြုတ်လုပ်သောက်ခြင်းဖြင့် နို့ရည် လှိုင်လှိုင် ထွက်စေတယ်လို့ ဖတ်ဖူးတယ်။
ထို့နည်းတူ ခါးနာဝေဒနာရှင်များလည်း စွပ်ပြုတ်လုပ်သောက်ရင် သက်သာကြောင်း မှတ်သားဖူးပါတယ်။
သက်ကြီးပိုင်းနဲ့ ကလေးငယါတွေအတွက် အာဟာရဖြစ်ထွန်းစေပါတယ်။
ကျမတော့ ခါးနာပေမယ့် စွပ်ပြုတ်မသောက်ချင်လို့ နွားမြီးနှပ်ပဲ ချက်ပါတယ် ။
နံပြားနဲ့ပဲစားစား လူရီဖီယား ( ကျမနာမည်မခေါ်တတ်ပါဘူး အဆင်ပြေသလိုခေါ်ထားတာပါ၊ အင်မတန်နူးညံ့တဲ့ ဆန်မုန့်တမျိုးပါ)နဲ့ပဲစားစား အင်မတန်စားကောင်းလှပါတယ်။
ချက်နည်းလေးပြောပြပေးမယ်နော်။
ဆိုင်ကနေ ခုတ်ထစ်ပေးလိုက်တဲ့ နွားအမြီးတုံးလေးတွေကို သေချာ သန့်စင်ထားပါနော်။
ဂျင်းနှင့် ကြက်သွန်ဖြူ ထောင်းထားပါ။
ကြက်သွန်နီကို ကြော်ထားပါ။
ကျမက အသားဟင်းချက်ရင်
ကြက်သွန်ကြော်ပြီး အနှစ်ကျကျလေး ချက်ရတာ ကြိုက်ပါတယ်။
အိုးထဲ ဆီပူလာရင် ဂျင်း ကြက်သွန်ဖြူထောင်းထားတာကို ဆီသတ်ပါ။ နီလာရင် ရေအနည်းငယ်ထည့် ငရုတ်သီး အရောင်တင်မှုန့်၊ ဆနွင်း၊မဆလာ ၊ ဆား ၊ အရသာမှုန့်တို့ကို ထည့်ပြီး အဆီပြန်အောင်တည်ပါ။
အဆီပြန်ရင် နွားအမြီးတုံးလေးတွေထည့်ပါ။
မွှေပေးပြီး နွားအမြီးကထွက်တဲ့ရေတွေကုန်တဲ့ထိချက်ပေးပါ။ အသားကထွက်တဲ့အရည်ကုန်မှ ရေနွေးကို အသားမြုပ်အောင်ထည့်ပြီး မီးအေးအေးနဲ့ အနည်းဆုံး ၂နာရီ သို့မဟုတ် ၃ နာရီ ခန့်ချက်ပေးပါ။
အသားနူးပြီး အဆီပြန်ရင် အရသာရှိပြီး အားဖြစ်စေတဲ့ ဆေးဘက်ဝင် နွားမြီးနှပ်လေးရပါပြီ။
တခါလောက်ချက်ကြည့်ဖို့ တိုက်တွန်းပါရစေ။
အဆင်ပြေပါစေရှင့်။
ချစ်ခြင်းဖြင့် ချက်သော စားဖွယ်စုံ
