တရုတ်ညွှန်ကြားချက်အရ “ဝ” ကနေ ကိုးကန့်ဒေသဘက်ကို လွတ်လပ်စွာ ကုန်စည်ဖြတ်သန်းခွင့် စတင်ခွင့်ပြု

ဇန်နဝါရီ ၂၁

တရုတ်အစိုးရရဲ့ ညွှန်ကြားချက်အရ “ဝ” ကနေ ကိုးကန့်ဒေသဘက်ကို လွတ်လပ်စွာ ကုန်စည်ဖြတ်သန်းခွင့် စတင်ခွင့်ပြုလိုက်ပြီဖြစ်တယ်လို့ “ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် – UWSA ဦးစီးချုပ်ရုံးက ဒီနေ့ ဇန်နဝါရီ ၂၀ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်လာတဲ့အကြောင်း UWSA ထိန်းချုပ်မီဒီယာဖြစ်တဲ့ Wa News Land က ဖော်ပြထားပါတယ်။

ထုတ်ပြန်ချက်ထဲမှာ ကိုးကန့်ဒေသနဲ့ “ဝ”ပြည်နယ် ဟိုပန်ကို ဆက်သွယ်ထားတဲ့ ဖောင်ဆိပ်တံတားပေါ်ကတစ်ဆင့် မော်တော်ယာဉ်၊ လူနဲ့ ကုန်စည်တွေ ထိန်းချုပ်တာ အပြည့်အဝ လွတ်လပ်ခွင့် ပေးဆောင်ဖို့ ခွင့်ပြုလိုက်ကြောင်း တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာရုံးက အကြောင်းကြားစာ ရရှိခဲ့တယ်လို့လည်း ဖော်ပြထားတဲ့အပြင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့က စတင်လို့ ကိုးကန့်နယ်မြေအတွင်း ကုန်စည်ဖြတ်သန်းခွင့်တွေ ပြုလိုက်ကြောင်း ပါဝင်တယ်လို့လည်း ဖော်ပြပါတယ်။

ဒါ့အပြင် စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းကလွဲလို့ သာမန်ပြည်သူတွေရဲ့နေ့စဉ်ထွက်ကုန်နဲ့၊ နေ့စဉ်ဘဝ ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းတွေအားလုံးကို ပုံမှန်အတိုင်းရောင်း ဝယ်ဖောက်ကားနိုင်ကြောင်းကိုလည်း ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ ကိုးကန့် – တရုတ်နယ်စပ်ဂိတ်ဖြစ်တဲ့ ချင်းရွှေဟော်၊ လောက်ကိုင်အပြင် “ဝ” – တရုတ်နယ်စပ်က နမ့်တစ် (မန်ခါး)ဂိတ်တို့ကို မနေ့က စတင်ပြီး ဖွင့်ပေးခဲ့ကာ ဓာတ်ဆီတွေလည်း ပြန်လည်ဝင်ရောက်နေပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

“တရုတ်ရဲ့ မူဝါဒ ဂိတ်ပိတ်မှုကြောင့် ကျွန်တော်တို့ “ဝ” ပြည်အတွင်းမှာ ဆီပြတ်လပ်မှုတချို့ကြုံခဲ့ပါတယ်။ ဒါပေမယ့် မနေ့ကစတင်ပြီး တရုတ်ကဂိတ်တွေပြန်ဖွင့်လို့ ဆီတွေလည်း တချို့ပြန်ဝင်နေကြပါပြီ။ အိမ်ဆောက်ပစ္စည်းတချို့လည်းဝင်လာကြပြီလို့တော့ သိရတယ်။ တခြားစက်ပစ္စည်းတွေတော့ မကြားသေးဘူး” လို့ “ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် – UWSA၊ ပြောရေးဆိုခွင့်ရှိသူ တာဝန်ခံ ဦးညီရန်းက “ဝ” လူငယ့်အသံ ကွန်ရက်ကိုပြောတဲ့အကြောင်းလည်း ဖော်ပြထားပါတယ်။

Ref & Photo – Wa News Land & UWSA/UWSP (သတင်းနဲ့ပြန်ကြားရေး ဟိုပန်)

#cenyralnewsnaypyitaw

image